ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ရေကြီးမှု တစ်ပတ်နီးပါးကြာမြင့်လာကာ စိုးရိမ်ရေအမှတ်မှာဆက်ရှိနေဆဲ

ဇူလိုင် ၈ ၊ ဟုမ္မလင်း 

 စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နဲ့ ခန္တီးမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ  စိုးရိမ်ရေအမှတ်ထက်မှာ တစ်ပတ်နီးပါးကြာမြင့်လာနေပြီလို့ မိုးဇလ ရဲ့ အချက်အလက်နဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

 ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲကျော် အထိမြင့်တက်နေသလို ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၉ ပေခွဲ မြင့်တက်နေတယ်လို့ မိုးဇလရဲ့ စာရင်းမှာဖော်ပြထားပါတယ်။ 

 လက်ရှိ ဟုမ္မလင်းမြို့အမြင့်ပိုင်းရပ်ကွက်မှလွဲပြီး ကျန်တဲ့ ရပ်ကွက်တွေမှာ ရေဝင်ရောက်နေဆဲဖြစ်သလို မြစ်ကမ်းဘေးရွာတွေနဲ့ အနိမ့်ပိိုင်းက ကျေးရွာတွေအားလုံး ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 “ အခုထိတော့ ဟုမ္မလင်းက အသွားအလာခက်ရုံလောက်ပဲ၊ ကျန်တဲ့ရွာတွေက တော်တော်ခက်နေတယ်။ ဒီနစ်ရေက အရင်ကတွေထက် သာပါတယ်။ ဟုမ္မလင်းတစ်ခုပဲ အကုန်မမြှုပ်သေးတာ ၊ ကျန်တာတွေအကုန်နစ်နေပြီ”​ လို့ ရေဘေးကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

 မိုးဇလရဲ့ ဒီနေ့ ဇူလိုင်လ ၈ ရက်နေ့ထုတ်ပြန်မှုအရ ချင်းတွင်းမြစ်ရေဟာ ခန္တီး နဲ့ ဟုမ္မလင်းမြို့တွေမှာ ၃ လက်မအထိမြင့်တက်လာနိုင်သေးတယ်လို့ သိရပါတယ်။ 

 ဟုမ္မလင်းမြို့မှ တခြားသော ကျေးလက်ဒေသကိုသွားတဲ့ လမ်းအားလုံးနီးပါး ရေနစ်မြှုပ်နေတာကြောင့် သွားလာရေးခက်ခဲနေသလို ၊ ဆက်သွယ်ရေးပြတ်တောက်မှုတွေလည်းဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 ခန္တီးမြို့မှာ မြို့တစ်ခုလုံးနီးပါးမှာ ဇူလိုင်လ ၃ ရက်နေ့မှစပြီး ရေနစ်မြှုပ်နေကာ  ဆက်သွယ်ရေးလိုင်းများဖြတ်တောက်နေမှုတွေကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *