ဇွန် ၈ ၊ ခန္တီး
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့ကို ဖြတ်စီးနေတဲ့ ချင်းတွင်းမြစ်ဟာ ယခုဇွန်လပထမအပတ်အတွင်း မြစ်ရေမှာ လွန်ခဲ့တဲ့နှစ်များစွာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရေအနည်းဆုံးဖြစ်နေတယ်လို့ ခန္တီးဒေသခံတွေဆီကနေ သိရပါတယ်။
မိုးလေသဝနှင့် ဇလဗေဒရဲ့ ဇွန်လ ၇ ရက်နေ့ ညထုတ်ပြန်မှုအရ ခန္တီးမြို့အတွင်း ချင်းတွင်းမြစ်ရေအခြေအနေဟာ မြစ်ရေအမှတ် ၇၇ စင်တီမီတာရှိနေတာပဲဖြစ်ပါတယ်။
ခန္တီးမြို့နယ်အတွင်းက ချင်းတွင်းမြစ်ရေဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ဇွန်လပထမအပတ်မှာ ၁၀၂ စင်တီမီတာရှိခဲ့တာလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းငယ်မြင့်တက်နေခဲ့တာလည်းဖြစ်ပါတယ်။
“ နှစ်ချက်ပေါ့ ခုနောက်ပိုင်းနှစ်တွေ မိုးနည်းလာတာ မြစ်ကောလာတာ မိုးနည်းတာက အဓိကကျမယ်ထင်ပါတယ်။ ရေဝေရေလဲ ပျက်တာလည်းပါမှာပေါ့” လို့ မြစ်ရေလျော့နည်းမှုနဲ့ ပတ်သက်ပြီး ခန္တီးဒေသခံတစ်ဦးက ပြောပြပါတယ်။
ချင်းတွင်းမြစ်ရဲ့ ရေဝေရေလဲဒေသတွေမှာ သယံဇာတထုတ်ယူမှုတွေဟာ ရှေးယခင်နှစ်များစွာကတည်းကပြုလုပ်နေကြပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့တာလည်းဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဇွန်လအတွင်းမှာ ၁၃ ပေကနေ ၁၅ ပေအထိ မြင့်တက်လာနိုင်တယ်လို့ မေလ ၂၈ ရက်နေ့မှာ မိုးလေသဝနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။