

သြဂုတ်(၁၁)၊ မြစ်ကြီးနား
မကြာခဏ ဖြတ်သန်းခွင့်ပိတ်ပင်ခံနေရတဲ့ မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းဟာ လမ်းတစ်လျှောက်က ရေကြီးရေလျှံမှုဖြစ်ပြီး လမ်းပိုင်းတွေ ပျက်စီးမှုတွေကြောင့် သွားလာလို့မရနေတာ တစ်ပတ်နီးပါးရှိလာပြီလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အသိတွေလည်း လမ်းကြောမှာပိတ်မိနေကြတာ သူတို့က ဆီကားဆိုတော့ ရေဦးမှာပိတ်မိနေတာထင်တယ် အခုကအဆက်အသွယ်မရနေလို့ ရေဦးကရွာလမ်းတွေကျဖြတ်လို့မရသေးဘူးလေ ” လို့ ယာဉ်မောင်းတွေနဲ့ နီးစပ်သူ မိုးညှင်းမြို့ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
သြဂုတ်လ(၇)ရက်နေ့က အင်းတော်မြို့နယ်၊ ကျေးရွာကွင်းလမ်းရှိ မင်းကုန်းကျေးရွာက တံတားလည်းရေကြီးရေလျှံခဲ့မှုကြောင့် မျှောပါပျက်စီးသွားပြီး ဖြတ်သန်းလို့မရသေးဘူးလို့ အနီးနေထိုင်သူများက ဆိုကြပါတယ်။
အင်းတော်မြို့လမ်းမကြီးကို ဖြတ်သန်းခွင့်မရတော့တဲ့ ဒီနှစ်ပိုင်းတွေမှာ အဆိုပါကျေးရွာချင်းဆက်လမ်းပိုင်းကို အားထားနေရတာဖြစ်ပြီး ရေတိုက်စားမှုကြောင့် တံတားတိုင်များသာ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။
ကွင်းလမ်းတွေမှာ စိုးမိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မန္တလေး-မြစ်ကြီးနားအဆင်းအတက်ယာဉ်များအားလုံးကို လမ်းပိုင်းပျက်စီးမှုတွေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ သြဂုတ်လပထမအပတ်က ပြောထားပါတယ်။
လမ်းပိုင်းအတွင်းက အချို့နေရာတွေမှာ ရေလျော့ကျသွားပေမယ့် ပြန်လည်ပြုပြင်ရမယ့်နေရာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
“ မန္တလေးလမ်းကို အားမကိုးတာကြာပါပြီ အစစအရာရာ တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ဝင်တဲ့ပစ္စည်းတွေ၊အစားအသောက်၊အဝတ်အစားမှအစ သုံးနေကြတာကြာပြီ အဝတ်တွေတော့စျေးပေါ့ပေမယ့် စားသောက်ကုန်တွေက စျေးကြီးတာပေါ့” လို့ မိုးညှင်းမြို့ပေါ်က အရောင်းဆိုင်အမျိုးသမီးတစ်ဦးက အခုလိုဆိုပါတယ်။
မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို (၂၀၂၃) ခုနှစ်နောက်ပိုင်းကနေစပြီး တိုက်ပွဲတွေကြောင့် ဗျူဟာလမ်းမကြီးကို အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ ကွင်းလမ်းကနေသာ ဖြတ်သန်းသွားလာနေကြတာဖြစ်သလို၊ လမ်းပိုင်းအခွန်များပြားမှုတွေကြောင့်လည်း ဒေသတွင်းမှာ ကုန်စျေးနှုန်းမြင့်တက်ခဲ့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။
မန္တလေး-သပိတ်ကျင်း- ထီးချိုင့်-ကသာ လမ်းပိုင်းတွေကို ၂၀၂၆ ခုနှစ်မှာ ပြန်လည်အသုံးပြုလာနေကြပြီး တိုက်ပွဲကြောင့်လည်း လမ်းပိုင်းပိတ်ခံရမှုတွေဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
