ဩဂုတ် ၁၁၊ မြစ်ကြီးနား
ကချင်ပြည်နယ်မှာ လက်ရှိစာသင်နှစ်အတွင်း မဖွင့်လှစ်နိုင်ခဲ့တဲ့ စာသင်ကျောင်းခုနှစ်ရာကျော်ရှိနေပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့နယ်အလိုက်ကျေးရွာများရှိ နယ်မြေလုံခြုံရေးအရ မဖွင့်နိုင်ခဲ့တဲ့စာသင်ကျောင်းများကို ယခုနှစ် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒေသခံများမှ သိရပါတယ်။
မနေ့က ဩဂုတ် ၁၀ ရက်၊မနက်ပိုင်းက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရှိ မလိခခန်းမမှာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကချင်ပြည်နယ်အတွင်း ခရိုင်(၆) ခရိုင်၊ မြို့နယ် (၁၈)မြို့နယ်အတွင်း ကျောင်းပေါင်း (၁၅၇၉) ကျောင်းများထဲမှ (၈၇၂ )ကျောင်းသာဖွင့်နိုင်ခဲ့ပြီး (၇၀၇) ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ဘူးလို့ဆိုထားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ကတော့ ယခုမဖွင့်လှစ်ရသေးတဲ့ကျောင်းများအနက် ယခင်ထဲကဖွင့်ဖို့ ကျန်ရှိနေသေးတဲ့ကျောင်းများကိုလည်း တစ်ပြိုင်နက်ထဲပြန်လည်ဖွင့်လှစ်နိုင်ရန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများက ကျေးရွာများရှိ လိုအပ်ချက်နဲ့အခက်အခဲများကိုတင်ပြပြီးတော့ စစ်တပ်က ဒေသလုံခြုံရေးအစီအမံတွေနဲ့ ဆောင်ရွက်သွားပေးမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။
ကချင်ပြည်နယ်မှာတော့ ကျေးလက်ဒေသက စာသင်ကျောင်းအများစုပိတ်ထားရတာဖြစ်သလို KIA+PDF သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။
