စက်တင်ဘာ ၈ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာကိုဖြတ်စီးနေတဲ့ ခေါင်းတုံးချောင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့အတွက် ဒေသခံတွေက စက်တင်ဘာလ ၇ ရက်နေ့မှာ ကိုယ်ထူကိုယ်ထ ရေကာတာတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
ခေါင်းတုံးချောင်းရေကြီးမှုတွေကြောင့် စာသင်ကျောင်းအုတ်တံတိုင်းပြိုကျတာ၊ ရွာလယ်လမ်းမ ပျက်စီးတာ ၊ နေအိမ်အတွင်း ရွံနွံသဲတွေ သုံးပေကျော်အထိ ဝင်ရောက်မှုတွေဖြစ်ပွားခဲ့ပြီး ဒီဒဏ်တွေကို ခံနိုင်ဖို့အတွက် ရေကာတာတည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြို့မရပ်က ဒေသခံတွေစုပေါင်းပြီး ခေါင်းတုံးချောင်းကမ်းဘေးတွေမှာ မျှောတိုင်တွေနဲ့ ရေကာတာ တည်ဆောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ အဓိကတော့ဒီရေဘေးအန္တရာယ်၊ဒီရပ်ကွက်တွေထဲရေမဝင်ဖို့ပေါ့အေး၊ ဒီချောင်းရေကာတာတွေအဲ့တာတွေပြိုကျသွားလို့ရင် ရပ်ကွက်ကလမ်းတွေ၊လယ်တွေ၊အိမ်တွေကိုသဲဖို့တာ၊လမ်းလည်းပျက်စီးသွားတာလေ၊အဲ့တာကိုကာကွယ်ဖို့ပေါ့လေ၊အဲ့တာကိုမကပဲနဲ့ ရေကြီးရင်ရေစီးတဲ့ချောင်းလိုဖြစ်သွားတာ” လို့ရေကာတာတည်ဆောက်မှုနဲ့ပတ်သက်ပြီး မိုင်းနောင်ရပ်မိရပ်ဖတစ်ဦးကပြောပြပါတယ်။
မိုင်းနောင်ကျေးရွာမှာ ခေါင်းတုံးချောင်းဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြီးမားဆုံးသော ရေကြီးရေလျှံမှုတစ်ခုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။
ခေါင်းတုံးချောင်းတစ်လျောက်မှာ ရွှေမျှောလုပ်ကိုင်မှုတွေဟာ ဆယ်စုနှစ်များစွာရှိနေပြီး ဒီချောင်းရေဟာလည်း အင်းတော်ကြီးကန်အတွင်း စီးဝင်တဲ့ချောင်းလည်းဖြစ်ပါတယ်။
မိုင်းနောင်ကျေးရွာ အနောက်ဘက် ၊ ခေါင်းတုံးချောင်းတွေမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ရွှေအလွန်အကျွံတူးဖော်မှုတွေရှိနေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုးရွားလာနေတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။