ချင်းတွင်းမြစ်ရေကြီးမှုကြောင့်ဟုမ္မလင်းမြို့ရပ်ကွက်တချို့နှင့် ကျေးရွာ (၉) ရွာရေနစ်မြှုပ် 

ဇူလိုင်၁၈ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်အပါအဝင် ကျေးရွာ (၉ )ရွာ ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။ 

မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ခိုပဲဝကျေးရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ငေါက်စားရွာ ၊ တာခေါငေါရွာ ၊ မြင်သာရွာ၊ ငိုးပင်းရွာ ၊ ရေလဲရွာ၊ ဇီးပင်သာရွာ ၊ နောင်ဆန်းကျင်ရွာ ၊ မြဝတီရွာတွေမှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ပုရစ်ဖာနိုင်းကျေးရွာအုပ်စုရှိ မုက္ကလိကျေးရွာဟာ လေးရက်ခန့်ကြာ  ရေနစ်မြှုပ်မှုဖြစ်ပေါ်နေပြီး နေအိမ်တွေမှာ လေးပေကျော်ထိရှိလာပြီလို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ 

“ စိုးရိမ်ရတာက ပုရစ်ဖာနိုင်းအုပ်စု မုက္ကလိရွာကတော့ ရွာထဲ့ရေဝင်တာလေးငါးရက်ရှိပြီ

အိမ်အောက်လေးပေကျော်ရှိနေပြီတဲ့ အဲဒီရွာက ကျွန်းရွာဆိုတော့ ရေပိုတက် လာရင်အန္တရာယ်ရှိမယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လ ၁၆  ရက်နေ့ညမှ စပြီး စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေတာဖြစ်ကာ လက်ရှိမှာ စိုးရိမ်ရေအမတ်ထက် တစ်ပေကျော်မြင့်တက်နေတာလည်းဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့နယ်မှာ စိုးရိမ်ရေအမှတ်ထက်မှာ နောက်ထက်နှစ်ရက်အထိ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလ က ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *