ငလျင်ကြောင့် ရွေ့လျားနိုင်ချေရှိသော  “မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ”

တစ်နိုင်ငံလုံးအား တုန်လှုပ်ချောက်ချားစေခဲ့သည့် ငလျင်ကြီးအား မှတ်မိကြမည်ထင်ပါသည်။  ၂၀၂၅ ခုနှစ်   မတ်(၂၈)ရက်နေ့မှာ  မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့ကို  ဗဟိုပြုပြီး အင်အား (၇.၇) ရစ်ချက်တာစကေးဖြင့် လှုပ်ခတ်ခဲ့သည့် ကြောက်မယ်ဖွယ်ကောင်းသည့်ငလျင်ပင်ဖြစ်သည်။  အဆိုပါဒေသနှစ်ခုသာမက နေပြည်တော် ၊ရှမ်းပြည်နယ်၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကရင်ပြည်နယ်တို့သည်လည်း ငလျင်ဒဏ်သင့်ခဲ့သည်။ နေအိမ်များ ၊အဆောက်အဦးများစွာနှင့် ဆက်သွယ်ရေးလမ်းပိုင်းများ ပျက်စီးမှုများစွာရှိခဲ့သလို လူ့အသက်ပေါင်းမြောက်များစွာတို့ကိုလည်း ပျောက်ဆုံးစေခဲ့သည်မဟုတ်ပါလား။ 

သည်အဖြစ်အပျက်အပြင် နောက်ဆက်တွဲအနေဖြင့် သတိထားရမည့် အန္တရာယ်လည်းရှိနေပါသည်။ လူပေါင်းများစွာ၏အသက်ကိုနှုတ်ယူသွားပြီးဖြစ်သလို ခုထိအသက်အန္တရာယ်များအား ခြိမ်းခြောက်နေဆဲအရာလည်းဖြစ်သည်။ ထိုအရာက ‘မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သောမိုင်းအန္တရာယ်’တို့ ဖြစ်သည်။ ငလျင်နှင့်မိုင်းသည် ဆက်စပ်မှုရှိသည်လားဟု ပြန်လည်မေးခွန်းထုတ်စရာရှိပေလိမ့်မည်။ ဆက်စပ်မှုရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြေငလျင်လှုပ်ခတ်သည့် အချိန်စက္ကန့်အနည်းငယ်၌ မြေသားများ၊သစ်ပင်များ တစ်နေရာမှတစ်နေရာသို့ ရွေ့လျားသွားသည်ကိုမြင်တွေ့ခဲ့ရသည်။ ငလျင်သုတေသနလုပ်ကိုင်နေသူများ၏ အဆိုအရ လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင် (ဝါ) မန္တလေးငလျင်သည်   မြေသား ၃ မီတာကနေ ၅ မီတာအတွင်းရွေ့သွားသည်ဟုဆိုသည်။ ငလျင်ကြောင့်မြေသားရွေ့လျားခြင်းက အနောက်ဘက်ခြမ်းသည် မြောက်ဘက်ကိုရွေ့ပြီး အရှေ့ဘက်ခြမ်းသည် တောင်ဘက်ကိုရွေ့သွားသည်။  သည့်အတွက် နေရာအနှံ့၌ ထောင်ချောက်ဆင်ထားတတ်သည့် လက်နက်ကိုင်တပ်ဖွဲ့တို့၏ ‘မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ’တို့သည်လည်း နေရာပြောင်းသွားနိုင်သည်မဟုတ်ပါလား။ ကပြောင်းကပြန်ဖြစ်သွားနိုင်သည်။ မူလနေရာကနေ ရွေ့သွားနိုင်၏။ မြေမြှုပ်ထားသော’မိုင်း’တွေသည် မြေပေါ်သို့ ပေါ်ထွက်လာနိုင်သည်။ မြေပေါ်ကနေ ‘ပေါက်ကွဲစေတတ်သောပစ္စည်းတွေသည်’ နေအိမ်၊အဆောက်အဦး၊အလုပ်ရုံများသို့ ရောက်ရှိလာနိုင်သည်။ ငလျင်ကြောင့် ‘မိုင်းနဲ့ပေါက်ကွဲစေတတ်သောပစ္စည်းများ’ သည် လမ်းလျှောက်ရွေ့လျားလာနိုင်ပေသည်။  သတိဟူသည် ပိုသည်မရှိဆိုသကဲ့သို့  ဒီပစ္စည်းအန္တရာယ်တို့အား နှလုံးသွင်းသတိထားနေသင့်သည်။ ငလျင်ဒဏ်သင့်သည့် စစ်ကိုင်းတိုင်း၌ မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းများထိခိုက်မှုသည် တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံရှိပြီး တတိယအများဆုံးသော ဒေသတစ်ခုလည်းဖြစ်သည်။ ငလျင်ဒဏ်ကြုံခဲ့ပြီး  တိုက်ပွဲများပြင်းထန်ခဲ့သလို လက်ရှိကာလ၌လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းမှာ ဒီအန္တရာယ်ကို လွန်စွာစိုးရိမ်ဖွယ်ရာဖြစ်နေသည်။ ဒါ့အပြင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ” ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးနိုင်မှုအခြေအနေသည်လည်း ကန့်သတ်မှုများစွာရှိနေသည်။ ‘မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ “ဗုံးပေါလအော” ရှိနေသည့် ဒေသလည်းဖြစ်သည်။

ငလျင်ဒဏ်သင့်ဒေသမှာ  ဘယ်လိုရှောင်ရှားသင့်၊ကာကွယ်သင့်သလဲ

ငလျင်ကြောင့် မူလနေရာကနေ ပြောင်းလဲရွေ့လျားသွားသော Òမြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေတတ်သောပစ္စည်းများÓသည် မိမိတို့နေအိမ်များ၊အဆောက်အဦးများ၊အလုပ်ရုံများ စသဖြင့် မိမိနေထိုင်ရာဝန်းကျင်သို့ ရောက်ရှိလာနိုင်သည်။ သည့်အတွက် မြင်ဖူးနေကျမဟုတ်သည့် အရာဝတ္ထုတို့အားမြင်တွေ့တတ်သည်။  အသုံးမပြုတာကြာပြီဖြစ်သော ပစ္စည်းပရိဘောဂများကိုလည်း ပြန်လည်တွေ့မြင်နိုင်သည်။ ထိုသို့ ကြုံတွေ့လာရပါက လုံးဝစပ်စုခြင်း မယူခြင်း ၊’မ’ရွေ့ခြင်း၊ တစ်ခြားအရာဝတ္ထုတစ်ခုခုဖြင့် ပစ်ပေါက်စမ်းသပ်ခြင်းများလည်းမပြုသင့်ပါ။ မပေါ့ဆပါနှင့်။ ပုံသဏ္ဍာန်အမျိုးအမျိုးနဲ့ အရောင်မျိုးစုံ ၊အရွယ်အစားမျိုးစုံ၊အရာဝတ္ထုအမျိုးအမည်ပေါင်း မြောက်များစွာဖြင့် တည်ရှိနေနိုင်သောာ ‘မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်း’ များသည် အချိန်မရွေး ပေါက်ကွဲနိုင်၏။ ကလေးငယ်များ၏ ကစားစရာပစ္စည်းများနှင့်လည်း ပြုလုပ်ထားနိုင်သည့်အတွက် ကလေးငယ်များအား ဆွဲဆောင်မှုရှိစေသည်။ ကလေးငယ်များကို အထူးဂရုစိုက်ပေးပါ။ အကယ်၍ တစ်စုံတစ်ဦးသည် ‘ပေါက်ကွဲစေနိုင်သော ပစ္စည်း’တစ်ခုခုအား တွေ့ရှိကာ လက်ဝယ်ကိုင်ဆောင်နေနှင့်ပြီးဖြစ်ပါက မြေကြီးပေါ်သို့ ဖြည်းညှင်းစွာပြန်လည်ချထားရန် ပြောဆိုပေးပါ။ နားထောင်ခြင်းမရှိလျှင် ခပ်ဝေးဝေး၌ နေပါ။ ထိုသူအား အဆိုပါပစ္စည်းကို ပစ်ပေါက်ချခြင်းမပြုအောင် တတ်နိုင်သမျှ တားဆီးထားပါ(အော်ဟစ်တားဆီးခြင်းမဟုတ်ဘဲ  ကောင်းမွန်စွာဖြင့်သာ)။ ပြီးနောက် သက်ဆိုင်ရာထံ ချက်ခြင်းအကြားပါ။ သည်အခြင်းအရာများကြောင့်  မိမိတို့မိသားစု(သို့)အိမ်နီးချင်းများမှ အမျိုးအမည်မခွဲခြားနိုင်သည့် အရာဝတ္ထုပစ္စည်းများအား တွေ့ရှိပါက အနီးစပ်ဆုံးအာဏာပိုင်များထံအကြောင်းကြားရန်သည် မဖြစ်မနေအရေးအကြီးဆုံးပေ။ ရပ်ကွက်လူကြီးများသို့လည်း အကြောင်းကြားနိုင်သလို ဒေသအာဏာပိုင်များ(သို့မဟုတ်) မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် မိမိသိရှိသည့်အဖွဲ့အစည်းများထံသို့လည်း တိုင်ကြားနိုင်၏။ အကြောင်းကြားရန် တုံဆိုင်းမနေသင့်ပါ။ ဖြစ်နိုင်ပါက ကူညီကယ်ဆယ်သူများအားစောင့်ဆိုင်းနေချိန် ‘မိုင်း’တွေ့ရှိသည့် ထိုနေရာမှ ခတ္တပြောင်းရွှေ့နေထိုင်ပါ။

မိမိတို့ကျေးရွာ၊နေရာဒေသအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ဖူးခြင်းနှင့် ဖြစ်ပွားနေဆဲရှိနေပါက ပို၍သတိထားဖို့ရန် ဆိုဖွယ်ရာမရှိပြီ။   မပေါက်ကွဲဘဲကျန်ရှိနေသော  လက်နက်ကြီးကျည်နှင့်မိုင်းများသည်  အနီးအနားမှာ ရှိနေနိုင်၏။ ကလေးသူငယ်များအား ထိုအရာအနီး၌ဆော့ကစားစေခြင်းများ တားဆီးပါ။ တွေ့ရှိပြီး တိုင်ကြားခြင်း၊ ဖယ်ရှားခြင်း (မိမိကိုယ်တိုင်ဖယ်ရှားခြင်း  လုံးဝမပြုပါနှင့်)မရှိပါကလည်း နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ရာ၌ အဟန့်အတားအနှောင့်အယှက်ဖြစ်စေ၏။ မလုံမခြုံခံစားစေသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမဖြစ်ပွားမီ စိတ်ပိုင်းဆိုင်ရာများအား ဦးစွာထိခိုက်စေသည်။ Òမြေမြုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ Òကြောင့် ထိခိုက်သေဆုံးမှု၊ ခြေလက်အင်္ဂါဆုံးရူံးမှု ဖြစ်ရပ်သာဓကများစွာသည်လည်း မြင်တွေ့နေသည်မဟုတ်ပေလား။ သို့ဖြစ်၍ အမြန်တိုင်ကြားပါ။

လှုပ်ခတ်နေဆဲ ငလျင် နှင့် မိုးရာသီမှာ   ‘မိုင်း’အန္တရာယ်ကို ပိုသတိထားပါ 

ကြီးမားသော ငလျင်လှုပ်ခတ်မှုဒဏ်အား ခံစားထားရပြီးသော မြေသားမြေစိုင်များသည်  တစ်ဖန်မိုးထပ်မံရွာသွန်းနေမှုကြောင့်   မြေကျွံကျမှုများဖြစ်ပေါ်နေ၏။ အဆိုပါမြေကျွံမှုများနှင့်တစ်ပြိုင်နက် ‘မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောပစ္စည်းများ’သည်လည်း ပေါက်ကွဲနိုင်ခြေမြင့်မားသည်။ မိုးများ၍ မြေပြင်ပြောင်းလဲမှုတွေကြောင့် ‘ပေါက်ကွဲနိုင်သော လက်နက်နဲ့မိုင်း၊ မပေါက်ကွဲဘဲကျန်ရှိနေသောကျည်တွေသည်  ရွှံံံံံ့နွှများနှင့် ရောနှောတည်ရှိနေနိုင်သည်။ ‘မိုင်း’တွေသည် မိုးရာသီ၌ မိုးရေစက်များနှင့်အတူ အသက်အန္တရာယ်များအား ခြိမ်းခြောက်နေသည်။ ကျန်ရာသီဥတုများထက် မိုးရာသီသည် ပိုအန္တရာယ်ရှိနေ၏။  ရေကြီးရေလျှံမှုကြောင့် မိမိတို့အိမ်ခြံဝင်းသို့ ရွေ့လျားရောက်ရှိလာနိုင်သည့် ‘မိုင်း’တွေအားသတိပြုပါ။ အကယ်၍ ရေကြီးရေလျှံမှုဖြစ်ပွားကာ လျော့ကျပြီးနောက် အမှိုက်သရိုက်ရှင်းလင်းရေးလုပ်ဆောင်ချိန်၌လည်း ဂရုပြုပါ။ အမှိုက်သရိုက်များနှင့် ရောနှောပါရှိနေနိုင်သည်။

ငလျင်ပြီးနောက်ပိုင်း ‘မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်း’များ၏ အန္တရာယ်ကပိုကြီးမားပါသည်။ မတ်(၂၈)ရက် ငလျင်ကြီးပြီးနောက် ဇူလိုင်လကုန်ပိုင်းအထိ နောက်ဆက်တွဲငလျင်အကြိမ်ပေါင်း (၄၆၈)ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့၏။  (၄)လကျော်ကာလအတွင်း၌ အဆိုပါအကြိမ်ပေါင်း (၄)ရာကျော်ထဲမှ အင်အားရစ်ချတာစကေး ၅ ဒသမကျော်လွန်သည့် အကြိမ်ရေသည် (၄)ကြိမ်၊ အင်အား ၄ ဒသမကျော်အကြိမ်ရေ (၂၆)ကြိမ် လှုပ်ခတ်ခဲ့သည်ဟု ငလျင်စောင့်ကြည့်ရေးအဖွဲ့အစည်းများ၏ စာရင်းများက ဖော်ပြသည်။ ယနေ့အချိန်အထိလည်း ငလျင်ငယ်များ လှုပ်ခတ်နေဆဲဖြစ်ပါသည်။ စုစုပေါင်း ငလျင်အကြိမ်ပေါင်း(၇၀၀)ဝန်းကျင်ထိ လှုပ်ခတ်နိုင်သည်ဟု သတိပေးထားသည်။

Òမြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေနိုင်သောပစ္စည်း”များသည် သက်တမ်းကုန်ဆုံးရက်မရှိပါ။

မထိပါနှင့် ။ချက်ခြင်းအကြောင်းကြားခြင်းကပင် သင့်ဘဝကို ကယ်တင်နိုင်၏။ သင့်လုံခြုံရေး၊သင့်မိသားစုလုံခြုံရေး၊သင့်ပတ်ဝန်းကျင်လုံခြုံရေးသည် အရေးကြီးပါသည်။ သတိထားခြင်းသည် ကာကွယ်ခြင်းပင်။ ‘

Leave a Reply

Your email address will not be published. Required fields are marked *