
မေ ၁၄ ၊ ချင်းမိုင်
မတ်လကုန်မှာအကြီးမားဆုံးသောငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကို ယာယီကြေညာထားပြီးနောက် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၇၄၀ ကျော်ရှိအထိ ပြုလုပ်ခဲ့တယ်လို့ ISP Myanmar ရဲ့ သုတေသနစာတမ်းတစ်ခုက ဆိုပါတယ်။
မေလ ၁၃ ရက်နေ့မှာ ISP က ထုတ်ပြန်ခဲ့တဲ့ စာတမ်းထဲမှာ ငလျင်ပြီးနောက်ပိုင်း နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် ၇၄၁ ကြိမ်ရှိခဲ့တာလို့ဆိုပါတယ်။
ဒီအကြိမ်အရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ စစ်ကောင်စီက ယာယီအပစ်ခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် ၂၄၇ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီး အဲ့ထဲမှာ ဗန်းမော်မြို့ကတော့ ဒရုန်းနဲ့တိုက်ခိုက်မှု အကြိမ်ရေ ၆၇ ခုအထိရှိခဲ့တာလည်းဖြစ်ပါတယ်။
ဗန်းမော်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဆင်နွဲနေတာ လနှင့်ချီကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ မြို့နယ် ၆၅ ခုကို အကြိမ်ရေ ၅၅၉ ကြိမ်အထိ ငလျင်ဖြစ်ပြီးနောက်မှာတိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့ဟာ ၁၆၅ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခဲ့တာလို့ ISP Myanmar က ဆိုပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေကို အသုံးပြုတိုက်ခိုက်ရုံတင်မကဘဲ အညာဒေသမှာ စစက်တပ်လေထီးအသုံးပြုပြီး တိုက်ခိုက်မှု ၊ ဒရုန်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂၃ ဦးထိခိုက်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ် ထွန်းရဝေကျေးရွာမှာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦဂထိက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အိုးတိန်တွင်းကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် မေလအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်အရေတွက် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
