မေ၂၀၊အင်းတော်ကြီး
ငါးသားဥချချိန်ဖြစ်တဲ့ မိုးဦးကျ မေလကနေ ဇူလိုင်လထိ ငါးဖမ်းခွင့်ပိတ်ပင်ထားပေမယ့် အင်းတော်ကြီးကန်ထဲမှာ ငါးဖမ်းမှုတွေက ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီလို ငါးရစ်သန်းချိန်တွေမှာ ငါးဦးစီးဌာနက နှစ်တိုင်း စာထုတ်ပြီးတော့ပိတ်ပင်တာတွေ နဲ့ အင်းထဲကင်းလှည့်ပြီး ငါးဖမ်းတဲ့စက်လှေတွေကိုဖမ်းဆီးအရေးယူတာတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မရှိဘူးလို့ဆိုပါတယ်။
“ ဗမာပြည်အခြေအနေမကောင်းတော့မလာကြဘူး။ ခါတိုင်းနှစ်တွေလာတယ်ငါးရစ်ငါးသန်အချိန်ဆိုရင်လာပိတ်တာတွေရှိတယ်။ချောင်းတွေမြောင်းတွေမှာကအစပိတ်တယ်။ငါးပျံ့ပွားနှုန်းကောင်းအောင်လို့ဆိုပြီးတော့ပိတ်တာ၊ အင်းထဲမှာငါးတွေဖမ်းရတာငါးတွေတော့ရှိပါသေးတယ်။ပိုက်အကြီးတွေနဲ့ဖမ်းတာမရလို့ပိုက်စိတ်နဲ့ဖမ်းပြီးစားဝတ်နေရေးတွေဖြေရှင်းနေရတယ်” လို့လွဲမွဲကျေးရွာကတံငါသည်တစ်ဦးကပြောပြပါတယ်။
အင်းတော်ကြီး အိုင်ထဲမှာ အခုအချိန်် ငါးဖမ်းတဲ့ စက်လှေ တစ်ရက် အနည်းဆုံး စက်လှေအစီးရေ နှစ်ရာရှိတယ်လို့လည်း သိရပါတယ်။
အင်းကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စတဲ့ ကျေးရွာတွေက တံငါတွေအများဆုံးဖမ်းကြတာဖြစ်ပြီး တချို့ အညာဒေသကနေ လာရောက်အခြေချပြီး လုပ်ကိုင်မှုတွေလည်းရှိနေပါတယ်။
အင်းတော်ကြီးဒေသကို လာရောက်အခြေချကြတဲ့ တံငါတချို့က တားမြစ်ထားတဲ့ ကျဉ်စက်တွေ အသုံးပြုပြီးဖမ်းနေပေမယ့် တားဆီးနိုင်ခြင်းလည်းမရှိဘူးလို့သိရပါတယ်။
အင်းတော်ကြီးကန်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးရှိပြီး အဲ့ထဲမှာ ရှားပါးငါးမျိုးစိတ် (၇) မျိုးရှိတွေ့ရတဲ့ ရေတိမ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။