ငြိမ်းချမ်းရေးဆွေးနွေးဖို့စစ်ကောင်စီခေါင်းဆောင်ဖိတ်ခေါ်ပြီးအဖွဲ့တွေတိုင်းကိုသူကိုယ်တိုင်တွေ့မယ်လို့ဆို 

ဧပြီ ၂၂ ၊ နေပြည်တော်

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်တွေ့မယ်လို့ ဖိတ်ခေါ်ပြောဆိုလိုက်ပါတယ်။ 

ဒီနေ့ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီ မီဒီယာကနေ မိန့်ခွန်းပြောပြီး ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ 

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကိုကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးသွားပါမယ်”​လို့ ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုယ်တိုင် နဲ့ အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြဖို့ ဖိတ်ခေါ်ပြီး လာမယ့် မေလ ၉ ရက်နေ့မတိုင်မှီ တက်ရောက်မယ့် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွေကို ပေးပို့ဖို့လည်း ပြောဆိုထားပါတယ်။ 

ဆွေးနွေးမယ့်ရက်တွေကိုတော့ နှစ်ဖက်ညှိနှိုင်းပြီး ရက်သတ်မှတ်သွားမှာမယ်လို့ဆိုပါတယ်။ 

စစ်ခေါင်းဆောင်က  စိန်ရတု ပြည်ထောင်စုနေ့တုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားခဲ့ပေမယ့် အဲ့အချိန်တုန်းကလည်း မအောင်မြင်ခဲ့ပါဘူး။​

ဒီဆွေးနွေးပွဲဖိတ်ကြားမှုမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေမပါဝင်ကြောင်း စစ်ကောင်စီပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီီဘီစီမြန်မာ မှာ ဖြေဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တစ်နှစ်ပြည့် အစီရင်ခံစာမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေက မြန်မာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ ကရင်နီ ၊ ကရင်ပြည်နယ်တို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *