
မတ်လ ၂၃၊ ရန်ကုန်
စက်သုံးဆီများကို ဝယ်ယူရာမှာ ယာဉ်တွေရဲ့ စွမ်းအားတွေပေါ်မူတည်ပြီး တစ်ပတ် (၁)ကြိမ် ၊ အများဆုံး (၂)ကြိမ်သာ ခွဲပြီးဝယ်ယူနိုင်မယ့် အစီအစဉ်ကို ပြောင်းလဲသတ်မှတ်မှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
စက်သုံးဆီဝယ်ယူရေးစနစ်ကို စုံ၊မ စနစ်နဲ့ နေ့အလိုက်ခွဲခြား ဝယ်ယူတဲ့ စနစ်ကနေ အခုလို ထပ်မံပြီး ပြောင်းလဲဖို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
မတ်လ (၁၂) ရက်နေ့ကတည်းက စက်သုံးဆီစနစ်တကျ ဝယ်ယူနိုင်ရန် မော်တော်ယာဉ်များအတွက် Bar Code စနစ်နဲ့ ဆိုင်ကယ်များအတွက် QR Code စနစ်ကို စတင်အသုံးပြုခဲ့ပေမယ့် အခက်အခဲတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စက်သုံးဆီဝယ်ယူမှုကန့်သတ်ချက်တွေ များပြားလာတာကြောင့် မှောင်ခိုစျေးကွက်တွေပေါ်ပေါက် နေပြီး စက်သုံးဆီစျေးနှုန်းတွေဟာ ဆီဆိုင်တွေထက် တစ်ဆကျော်မြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စုံ/မ စနစ် စက်သုံးဆီဝယ်ယူမှုတွေမှာလည်း ဆိုင်ကယ် တစ်စီး ၂ လီတာနှုန်း ၊ မော်တော်ကားတွေကို ၁၂ လီတာ မှ ၁၅ လီတာ အထိသာ ဆီဆိုင်တွေက ရောင်းချနေတာလို့ စျေးကွက်ထဲကနေ စုံစမ်းသိရပါတယ်။
ပြည်သူများအနေနဲ့ စိုးရိမ်ပြီး ဝယ်ယူမှုမပြုလုပ်ကြရန်နဲ့ စက်သုံးဆီ ရောင်းချခြင်း မမှန်မကန်တွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားမှုပြုလုပ်ကြရန် ပြောဆိုထားပါတယ်။
ထို့အတူ လာမဲ့ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့များတွင် အစိုးရရုံးဌာနများရဲ့ ဝန်ထမ်းများအနေနဲ့ ရုံးလုပ်ငန်းများကို ( Work from Home)နေအိမ်ကနေ ဆောင်ရွက်ကြဖို့ မနေ့က မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
