
မတ် ၂၆ ၊ မိုးညှင်း
စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာမှုတွေနဲ့အတူ ခရီးသည်တင်ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခစျေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ မိုးညှင်း-မန္တလေးက ကားခ (၄)သိန်းခွဲအရှေ့ခန်း ၊အနောက်က လေးသိန်း၊ အရင်ကတော့ နှစ်သိန်းခွဲ၊နှစ်သိန်းအဲ့လောက်ပဲ အခုက စျေးတွေတက်တော့တက်လာတာ။ မြစ်ကြီးနား မန်းလေးဆိုရင်ငါးသိန်းကအနည်းဆုံးစျေးပဲ” လို့ မိုးညှင်း-မန္တလေး ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ခံတစ်ယောက်က ဆိုပါတယ်။
စက်သုံးဆီစျေးနှုန်းတွေဟာ မြို့ပြတွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး နယ်မြို့တွေမှာတော့ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်မှာ စက်သုံးဆီ တစ်လီတာ ကျပ်တစ်သောင်းခွဲမှ ကျပ်် ၂ သောင်းအထိ စျေးနှုန်းတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ခရီးသည်တင်ကားတွေရဲ့ စျေးနှုန်းတွေဟာလည်း ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံတဝှမ်းမှာလည်း စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ကုန်စည်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေရဲ့ စျေးနှုန်းတွေလည်း မြင့်တက်နေတာတယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်အတွင်း ကုန်စျေးနှုန်းတွေလည်း တရိပ်ရိပ်မြင့်တက်လာနေတယ်လို့ ပြောဆိုနေကြပါတယ်။
မြို့ပြတွေမှာတော့ စက်သုံးဆီတွေကို တန်းစီစနစ်၊အလှည့်ကျ စနစ်တွေနဲ့ ဝယ်ယူနေရပြီး နယ်မြို့တွေမှာတော့ လိုအပ်သလောက်စက်သုံးဆီတွေရရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
