စက်တင်ဘာ ၃၀ ၊ အင်းတော်ကြီး
ယခုရက်ပိုင်းတွင် ဒေါ်လာစျေးများ အဆမတန်မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီစျေးလည်း ယနေ့တွင် တစ်ဂါလံတစ်သောင်းကျပ် ကျော်အထိရောင်းချမှုများရှိလာခဲ့ကြသည်။
“ ဓာတ်ဆီတစ်ဂါလံ အခု ၇၅၀၀ ၊ လုံးစန့်ရွာမှာတော့ တစ်သောင်း ၊ဒီမှာကတော့ ၇၅၀၀ ၊ ၈၅၀၀ ရှိတယ်” ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။
စက်သုံးဆီစျေးများ မြင့်တက်လာခြင်းကြောင့် ဒေသတွင်း တောင်သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ “ ဆီစျေးနောက်တက်ရင် မလွယ်တော့ဘူး ၊ စပါးရိတ်ရတော့မယ်” ဟု တောင်သူတစ်ဦးက ဆိုသည်။
အင်းတော်ကြီးဒေသရှိ ကျေးရွာတစ်ချို့တွင် ယနေ့ နံနက်ပိုင်းတွင် တစ်ဂါလံ ၇၅၀၀/ ၈၅၀၀ ကျပ်အထိသာရှိခဲ့သော်လည်း ညနေပိုင်းတွင် တစ်သောင်းတစ်ထောင်ကျပ် အထိမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာ့ငွေကျပ်တန်ဖိုး ကျဆင်းလာခြင်းကြောင့် ဒေါ်လာလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၂၇၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီးနောက် စက်သုံးဆီစျေးအပါအဝင် အခြေခံစားသောက်ကုန်များလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။