
မေ ၃၁ ၊ စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီးကို ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်ဖို့ မျှော်လင့်ကြောင်း တော်လှန်ရေးအင်အားစုများ စုဆုံဆွေးနွေးနေသည့် “ စစ်ကိုင်းဖိုရမ်” ကို ကရင်အမျိုးသားများအစည်းအရုံး KNU က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် နွေဦးတော်လှန်ရေးတွင် ပထမဆုံးသော လက်နက်ကိုင်တော်လှန်ရေး စတင်သည့် ဒေသဖြစ်ပြီး ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးကိုလည်း KNU အနေနဲ့ တိုက်တွန်းကြောင်း သဝဏ်လွှာရေးသားပြောဆိုထားသည်။
ဒီဖိုရမ်ဟာ ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်လာရေး ဦးတည်ပြီးတော့ တခြားဒေသတွေအတွက် စံနမူနာဖြစ်စေဖို့ ၊ တခြားသော ဒေသတွေမှာလည်း ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးလုပ်ငန်းများဖော်ထုတ်မှုတွေ အားကောင်းလာစေမှာဖြစ်တယ်လို့ ပြောဆိုပေးပို့ထားသည်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ၊ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဖိုရမ်နှင့်ပတ်သက်ပြီး အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ကိုင်းဖိုရမ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလှုပ်ရှားနေသည့် မြေပေါ် ၊ မြေအောက်တော်လှန်ရေးအင်အားစု ၁၈၀ ကျော်က ဆွေးနွေးပြီး တိုင်းဒေသကြီးအတွင်း တော်လှန်ရေးပိုမိုစုစည်းခြင်းအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ တော်လှန်ရေးစာစဉ်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ဖိုရမ်ရဲ့ Document တချို့ကိုကိုးကားပြီး ဖော်ပြထားပါသည်။
စစ်ကိုင်းဖိုရမ်ကို တော်လှန်ရေးအင်အားစုတချို့ကလည်း အောင်မြင်စေကြောင်း ၊ စုပေါင်းဆောင်ရွက်မှုအားနည်းခြင်းတွေကို ဖြေရှင်းကြဖို့အတွက် မျှော်လင့်ကြောင်း စသဖြင့် သဝဏ်လွှာပေးပို့ထားကြပါသည်။