ဧပြီ ၂၃ ၊ ပင်လည်ဘူး
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ရပ်ကွက်တွေက နေအိမ်အများအပြားပျက်စီးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ အိမ်တွေကိုဖြိုနေတာတော့ကြားတယ်၊ တိတိကျကျကြီးတော့ မသိသေးဘူး ၊ ဖုန်းလိုင်းကလည်းပျက်တာ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
မနေ့က Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပင်လည်ဘူးမြို့ရဲ့ အပျက်အစီးဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း ပျံ့နှံ့လာခဲ့ပါတယ်။
အဲ့ဗီဒီယိုဖိုင်ထဲမှာ နေအိမ်သုံးခုလောက်က ဖြိုချထားခံရပြီး တချို့နေအိမ်တွေက မီးလောင်ထားသည့် အသွင်လည်းဖြစ်နေပါတယ်။
ဒီဖြိုဖျက်နေမှုကို စစ်ကောင်စီက PDF တွေထောက်ပံ့တဲ့အိမ်ကို ဖျက်ဆီးတာလို့ DVB သတင်းဌာနမှဖော်ပြထားပါတယ်။
တိုက်ပွဲကာလဖြစ်တဲ့ ဧပြီ ပထမအပတ်တုန်းက ရှမ်းနီအသံက ပင်လည်ဘူးမြို့နှင့်အနီးစပ်ဆုံး ကျေးရွာက ဒေသခံတွေကိုမေးမြန်းကြည့်ရာမှာ မြို့ပေါ်လူနေမှုမရှိသလောက်ဖြစ်နေပြီး ပရိယတ္တိစာသင်တိုက် ၊ ဘုန်းကြီးကျောင်းများ ၊ လူနေအိမ်များ လက်နက်ကြီးထိမှန် ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ သုံးရက်တိုင် တိုက်ခိုက်မှုခဲ့တယ်လို့ ပင်လည်ဘူးဒေသခံတွေဆီကနေသိရပါတယ်။