အောက်တိုဘာ ၁၃ ၊ စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီးထဲက အမွေအနှစ်ဆိုင်ရာ ဒေသ ၊ နေရာ နဲ့ အဆောက်အဦး ၃၀ ခုကို ကြားကာလ အမွေအနှစ်တွေအဖြစ် NUG က အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒီလိုသတ်မှတ်မှုတွေကို ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေအရ လို့ဆိုပါတယ်။
အမွေအနှစ် ထိန်းသိမ်းခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးကနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA) ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း က ပြောပါတယ်။
ဒီနေရာတွေမှာ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်း စစ်ဆင်မှုတွေမပြုလုပ်ရတာ၊ စစ်ရေးပြုလုပ်ဖို့အတွက် စခန်းချတာ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာမလုပ်ရတာ၊ ရှေးဟောင်းပစ္စည်းခိုးယူတာ ရောင်းချတာနဲ့ မူလအနေအထားကို ပျက်စီးစေဖို့ ပြုပြင်တာ ၊ ပြင်ဆင်တာတွေကို မလုပ်ရဘူးလို့ တားမြစ်ချက်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ထင်ရှားတဲ့ ဟန်လင်းမြို့ဟောင်း၊ ကလေးမြို့ဟောင်း၊ အမြင့်မြို့ဟောင်း၊ စစ်ကိုင်းမြို့ဟောင်းတွေအပါအဝင် မင်းကွန်းခေါင်းလောင်းကြီး ၊ အင်းတော်မြို့က ဂျပန်မြေအောက်ဆေးရုံ၊ သမိုင်းဝင်သာဿနိက အဆောက်အဦးတွေပါဝင်ပါတယ်။
ခန္တီးမြို့က ပြန်လမ်းမဲ့ကန်လို့ဆိုတဲ့ နောင်ယန်းအင်း ၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရှိတဲ့ ထမံသီဘေးမဲ့တော ၊ ဖိုဝင်တောင် ၊ ရွှေဘတောင် စတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေကိုလည်း အမွေအနှစ်အဖြစ်သတ်မှတ်ထားပါတယ်။