စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမြို့သုံးမြို့မှာမြို့သိမ်းတိုက်ပွဲပြင်းထန်နေ

ဩဂုတ် ၂၃ ၊ ပင်လည်ဘူး 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက ပင်လည်ဘူး၊ အင်းတော် နဲ့ ထီးချိုင့်မြို့နယ် သုံးခုမှာ ဩဂုတ်လ  ၁၆ ရက်နေ့စပြီး မြို့သိမ်းတိုက်ပွဲများ ပြန်လည်စတင်ခဲ့ကာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၁၆ ရက်နေ့မှာ ကသာခရိုင် အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

အင်းတော်မြို့နဲ့ လေးမိုင်အကွာမှာရှိတဲ့ အင်းတော်-မြစ်ကြီးနား-ကသာ လမ်းပိုင်းက နဘားလမ်းဆုံကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီဖြစ်ပေမယ့် မြို့ကိုတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

လက်တလော အင်းတော်မြို့အခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမြို့ကို စစ်ဘေးရှောင်လာသူ တစ်ဦးကပြောပြတာက“ အင်းတော်မှာ  တိုက်ပွဲဖြစ်နေတယ်။ မော်လူးမှာက တံတားကျိုးနေတယ်။”  လို့ဆိုပါတယ်။ 

ကသာခရိုင်ထဲက အင်းတော်မြို့နယ်နဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ ထီးချိုင့်မြို့မှာလည်း ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ထီးချိုင့်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြတောင်စခန်းကုန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ကြေညာထားပြီး မြို့ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ထီးချိုင့်မြို့က စစ်ရှောင်တွေက ပြောဆိုကြပါတယ်။ 

ကောလင်းခရိုင်ထဲက ပင်လည်ဘူးမြို့မှာလည်း ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေရှိရာ စခန်းကုန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ကာ မြို့သိမ်းဖို့ ထပ်မံကြိုးစားခဲ့တယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

ပင်လည်ဘူးမြို့ပေါ်က ဒေသခံတွေအားလုံး စစ်ဘေးတိမ်းရှောင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့များသာ မြို့ပေါ်မှာ နေထိုင်နေကြကာ တော်လှန်ရေးအင်အားစုများ မြို့သိမ်းတိုက်ပွဲအကြိမ်ကြိမ်ပြုလုပ်ထားပေမယ့်  သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာ ဩဂုတ်လ တစ်လတည်း ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ၆ နာရီကြာသာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံကို ပြန်လည်လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *