ဇွန် ၁၅ ၊
စစ်ကိုင်းတိုင်းထဲက ရွာတွေနေ့စဉ်နဲ့အမျှ မီးရှို့ခံနေရမှုတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ နည်းလမ်းရှာဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက (၅၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောဆိုတယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ” စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေးစေချင်ပါတယ်”လို့ ပြောကြားခဲ့ကြောင်း NUG မီဒီယာ PVTV ကထုတ်ပြန်ပါတယ်။
NUG က စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ထိန်းချုပ်နယ်မြေတွေများစွာရှိလာပြီး ထပ်ပြီးတော့ဖော်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်းမှာ မေလတစ်လအတွင်းနေအိမ်မီးရှို့ခံရမှု ခုနှစ်ထောင် ထိရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အများဆုံး အရေအတွက်လည်းဖြစ်တယ်လို့ Data. For Myanmar ရဲ့ စာရင်းပြုစုထားမှုအရ သိရပါတယ်။
ဇွန်လအစောပိုင်းမှာ ရွှေဘို ၊ ခင်ဦး နဲ့ ဝက်လက်မြို့နယ်တွေက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာတွေမီးရှို့မှု နေ့စဉ်နီးပါးဖြစ်ပွားနေတယ်လို့လည်း ဒေသခံပြည်သူတွေ ပြောဆိုမှု နဲ့ PDF တွေရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၁ ခုနှစ်ကစ မေလကုန်အထိ နေအိမ် တစ်သောင်းရှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။
NUG က စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၉ မြို့နယ်မှာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ အုပ်ချုပ်မှုလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ဧပြီလမှာ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။