ရေကြီးနေတဲ့ဥရုချောင်းရေပြန်မကျသေးသောကြောင့်ကျေးရွာတွေမှာရေဝပ်နေဆဲ 

ဟုမ္မလင်းမြို့နယ်အတွင်း ဥရုချောင်းရေကြီးရေလျှံဖြစ်နေတာကြောင့် ချောင်းတလျောက်က ကျေးရွာတွေမှာ ရေမကျသေးပဲ ရေနစ်မြှုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းကစ  နမ့်တော အောက်တောင်ပေါ်တံတား နဲ့ မှိုင်းကိုင်း နောင်ခမ်း ခေါက်ငိုးတံတား ရေကျော်မှုတွေဖြစ်ပွားနေတာ ဒီနေ့ ဇွန်လ  ၁၅ ရက်နေ့အထိ ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။ 

“ အဲ့နားမှာတော့ ဆိုင်ကယ်တွန်းနေရတုန်းပဲ ၊ ရေကကြီးနေသေးတယ်” လို့ ခရီးသွားတစ်ဦးက ပြောပြပါတယ်။​

ဒီရေကြီးမှုကြောင့် ခေါက်ငိုး ၊ မှိုင်းကိုင်း နဲ့ ဟွေဖလာကျေးရွာတွေမှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ရေကြီးတယ်ဆိုတာကတော့ လောလောဆယ်တော့ ရေကကြီးတာပေါ့ဗျာ။ဟို ၂၀၁၉ မြှုပ်သလောက်တော့မရှိဘူး။ ဒီနေ့လည်း ကြီးတယ် ၃ ရက်မြောက်ပါ့ဒီနေ့က ရွာအမြှီးပိုင်းတော့မြှုပ်နေတယ်”လို့ ဟွေဖလာကျေးရွာသားတစ်ဦးက ဆိုပါတယ်။ 

ဥရုချောင်းရေကြီးမှုကြောင့် ချောင်းတလျှောက်က ကျေးရွာတွေမှာ ရေဝင်နေပြီး ယခင်ကနှစ်တွေထက် လျှော့နည်းနေသေးတယ်လို့ ဆိုကြပါတယ်။​

ဥရု ချောင်းဘေးတစ်လျှောက် ရွှေမျှောတူးဖော်မှုတွေကြောင့် ရေလမ်းကြောင်းပြောင်းလဲမှုတွေဖြစ်ပွားနေပြီး ဒီနှစ်က ယခင်နှစ်တွေထက် ရေကြီးရေလျှံမှုတွေ ပိုဖြစ်ပွားလိမ့်မယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။ 

ဒီနှစ်က စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးအဝင်စောပြီး မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒက ခန့်မှန်းထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *