ဩဂုတ် ၁၁၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ချင်းတွင်းမြစ်ရေဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ၆ ပေအထိမြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဩဂုတ်လ ၁၁ ရက်နေ့မှာ ခန့်မှန်းချက်တစ်ခုထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်ရဲ့ မြစ်ဖျားခံရာဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး လက်ရှိ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ အနည်းငယ်ပြန်တက်လာနေသလို ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာလည်း စိုးရိမ်ရေအမှတ်အနီးထိ ရေတက်နေတယ်လို့ သိရပါတယ်။
“ အိမ်တွေက ရေတွေလည်းဝင်နေတယ်ပြောတယ်။ အရင်ပုံစံတွေလိုပဲ ပြန်ဝင်နိုင်တယ်။ အရင်တစ်ခါထက် ပိုမလားမပိုဘူးလားဆိုတာတော့ ကမ်းနားသွားကြည့်ရမှာ ။ ရေကတော့ ကြီးနေတာဟုတ်တယ်” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်း မိုးဇလရဲ့ ထုတ်ပြန်မှုအရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ နဲ့ ဖောင်းပြင်မြို့တို့မှာ စိုးရိမ်ရေအမှတ်အောက် (၁) ပေခွဲမှာ ရှိနေပြီး နောက်ရက်တွေမှာ စိုးရိမ်ရေအမှတ်အထိတက်လာနိုင်တယ်လို့ အသိပေးထားပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ၊ ၁၈ ရက်နေ့တို့မှာ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေအမှတ်ကိုကျော်လွန်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွ်အပါအဝင် ကျေးရွာ (၉ )ရွာ ရေနစ်မြှုပ်နေခဲ့တာလည်းဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရေ ဖြတ်သန်းစီးဆင်းတဲ့မြို့နယ် (၈) မြို့နယ်မှာလည်း မြစ်ရေဟာ ၃ ပေကနေ ၆ ပေအထိမြင့်တက်လာနိုင်ကြောင်း မိုးဇလက အသိပေးထားပါတယ်.
ဇူလိုင်လကုန်နဲ့ ဩဂုတ်လဆန်းပိုင်းအတွင်းမှာ တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများက ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ရေဘေးတိမ်းရှောင်ရသူထောင်နှင့်ချီလည်းရှိနေတာဖြစ်ပါတယ်။