
ဧပြီ ၂၉ ၊ စစ်ကိုင်းမြို့
လျင်ဒဏ်ကြောင့် (၈၀) ရာခိုင်နှူန်းခန့်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရရဲ့ထောက်ပံ့ကူညီမှုမရရှိဘဲ ကိုယ်ထူကိုယ်ထသာ လုပ်ဆောင်နေကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
‘အစိုးရလုပ်ပေးလား မပေးလားတော့ မသိဘူး အားလုံးကတော့ ကိုယ့်အိမ်နဲ့ကိုယ် ကိုယ့်ဟာကိုယ်လုပ်နေကြတာ တွေ့တာဘဲ ၊အမတို့လည်း အမတို့လုပ်စရာရှိတာလုပ်တယ် ဘယ်လိုပြန်ပြင်ရမလဲ အုတ် တံတိုင်းခတ်ဖို့ ဘာညာ ၊ကျန်တာ ဆိုင်ကယ်တွေ ဘာတွေ၊ ပစ္စည်းထိခိုက်သွားတာတွေ၊ ကိုယ်ဝယ်လို့ရတဲ့အရာဆို ဝယ်လိုက်တယ် မဝယ်နိုင်သေးတာဆို ခနနေလိုက်တယ် ဒါလောက်ပါဘဲ ဖြစ်နေတာလည်း ကြာပြီဆိုတော့ ရှင်းပြီးပြီပေါ့ ကိုယ့်ဟာသူ့ဟာ တဲလေးထိုးပြီးတော့ ရှင်းစရာရှိတာရှင်းတယ် ကိုယ်လုပ်စရာရှိတာလုပ်ပြီးတော့ ဘုန်းကြီး၊ သီလရှင် တဲထိုးတဲ့သူကထိုး အကုန်လုံး ထန်းလျက်တဲ ထိုးပြီးနေတဲ့သူကနေတယ် မိုးကာတဲနေတဲ့သူနေတယ်’ဟု စစ်ကိုင်းမြို့က နေအိမ်ထိခိုက်ခဲ့သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။
ထိခိုက်မှုပြင်းထန်ပြီး နေအိမ်၊အဆောက်အဦးပြန်လည်တည်ဆောက်ရန် လုံးဝအခက်အခဲရှိနေသူတွေကို တစ်ချို့သော ပရဟိတသမားများက ထရံအိမ်အလုံးလိုက် လှူဒါန်းပေးမှုတွေအပြင် ယိုင်နဲ့ပျက်စီးနေသောအဆောက်အဦးများကို စက်ယန္တရားများဖြင့် အခမဲ့ဖြိုချပေးမှုတွေ ပြုလုပ်ပေးနေတာတွေလည်း ရှိနေကြောင်း သိရပါတယ်။
‘ သူတို့လိုပရဟိတသမားတွေရှိတော့ ဆင်းရဲသားတော်တော်များများတော့အဆင်ပြေကြပါတယ် လက်လုပ်လက်စားသမားတွေပေါ့ ဘာလို့ဆိုသူကအခုလုံးလုံးမတတ်နိုင်တဲ့သူတွေကိုဆို ၆၅သိန်းတန်အိမ်တွေဆောက်ပေးတာဆိုတော့ ပြေလည်ကြမှာပါ’ ဟုဆိုပါတယ်။
စစ်ကောင်စီကို တရုတ်နိုင်ငံမှ ပြန်လည်ထူထောင်ရေးအတွက် ယွမ်(၁)ဘီလီယမ်ကူညီပေးပို့ထားသလို နိုင်ငံတကာကနေလည်း အကူအညီအထောက်အပံ့ပစ္စည်းများ၊ငွေကြေးများရရှိထားပါတယ်။
ဒါကြောင့် ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးထောက်ပံ့ပေးနေကြောင်း ၎င်းတို့စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပေမယ့် ထိခိုက်ပျက်စီးသူတွေအနေနဲ့ ထောက်အပံ့ရရှိခြင်းမရှိသေးကြောင်း သိရပါတယ်။
အခုလို တစ်လကျော်လာတဲ့အထိ ဒေသခံများအနေနဲ့ ကိုယ်ထူကိုယ်ထဖြင့်သာ ကြိုးစားလုပ်ဆောင်နေကြရတာကြောင့် ပုံမှန်ပြန်လည်နေထိုင်နိုင်ဖို့ကို အချိန်အားဖြင့် ခန့်မှန်းလို့မရအောင် ကြာမြင့်သွားနိုင်ကြောင်း ဆိုကြပါတယ်။
‘ငွေရေးကြေးရေး မခက်ခဲတဲ့ ငွေရှိတဲ့သူကတော့ ၄၊၅၊၆ လ ၁နှစ် နဲ့လည်းပြီးသွားမှာပေါ့ မြန်သွားမှာပေါ့ အဆင်မပြေတဲ့သူအတွက် တော့ ၁ နှစ်လည်းဖြစ်ချင်ဖြစ်မယ် ၂ နှစ်လည်း ဖြစ်ချင်ဖြစ်မယ် ခန့်မှန်းလို့မရဘူးပေါ့ ။ အမတို့ဆို အခု ဒါ အုတ်၊တံတိုင်း ပြိုတာ စီးပွားရေး အဆင်ပြေမှပြန်ခတ်နိုင်မှာလေ အဆင်မပြေရင် ဒီတစ်နှစ်တောင် မပြေဘူးပေါ့ အခုလောလောဆယ်တော့ ယာယီ သံဇကာတွေနဲ့ အဆင်ပြေသလို ခတ်ထားလိုက်တယ် အဲ့လိုမျိုးတွေပေါ့ ။
စစ်ကောင်စီရဲ့ ထုတ်ပြန်ဖော်ပြထားမှုအရ ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပ အလှူငွေ စုစုပေါင်းကျပ်(၁၀၄)ဘီလီယံကျော် ရရှိထားသလို ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံမှ ကျန်းမာရေးနဲ့ကာကွယ်ရေးအဖွဲ့များစေလွှတ်ထားတယ်လို့လည်း သိရပါတယ်။
