
မေ ၆ ၊ နေပြည်တော်
စစ်ကောင်စီက ငလျင်ပြန်လည်ထူထောင်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်စေဖို့ နဲ့ ငြိမ်းချမ်းရေးကို ရှေးရှူပြီး ယာယီအပစ်ခတ်ရပ်စဲရေးကို တစ်လ ထပ်မံတိုးမြင့်လိုက်တယ်လို့ဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး မေလ ၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲရေးကို စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ငလျင်သင့်ဒေသတွေမှာ ဌာနဆိုင်ရာရုံး၊ ပြည်သူတွေရဲ့ အိုးအိမ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပြန်လည်တည်ဆောက်နေရေးနဲ့ နိုင်ငံတကာက ကူညီနေတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အပစ်ခတ်ရပ်စဲရေးကြေညာထားမှုကို NUG ကလည်း ဟန်ပြတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။
“ယာယီအပစ်အခတ်ရပ်စဲကြောင်းကို ဟန်ပြကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဂျက်ဖိုင်တာ၊ ပါရာမော်တာ နဲ့ Drone တွေကို အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးပစ်ခတ်မှု တွေကိုလည်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပါတယ်”လို့ NUG ရဲ့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုထားပါတယ်။
ယာယီအပစ်ခတ်ရပ်စဲရေးကြေညာထားပေမယ့် တပ်စခန်း ၊ တပ်ဌာနချုပ် နဲ့ အရပ်သားတွေသွားလာတဲ့ ဆက်သွယ်ရေး လမ်းပိုင်းတွေကို ဖျက်ဆီးတာ ၊ အင်အားစုတာ ၊ နယ်မြေချဲ့ထွင်တာတွေကို တော့ တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ တစ်ပါးတည်းကြေညာထားပါတယ်။
ယာယီအပစ်ခတ်ရပ်စဲကာလ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ရှိခဲ့ပြီး မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ခိုက်မှုအများဆုံးဖြစ်ခဲ့တယ်လို့ Myanmar Peace Monitor ရဲ့ စောင့်ကြည့်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။