စစ်ကောင်စီတပ်တွေရဲ့စစ်ဆင်ရေးကြောင့်  နေအိမ်၁၀၀ကျော်မီးရှို့ဖျက်ဆီးခံရပြီးပြည်သူ၄၀၀၀ခန့်ထွက်ပြေးတိမ်းရှောင်နေရ 

ဇူလိုင်၂၈၊မိုးဗြဲ

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ(မိူင်းပၢႆး )အင်းအရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေး တွေကြောင့် စစ်ရေးလှုပ်ရှားခဲ့တဲ့ ကျေးရွာတွေမှာ နေအိမ်တစ်ရာကျော်ဖျက်ဆီးခံခဲ့ရပြီး လွယ်ပေါကျေးရွာအုပ်စုမှာက ဒေသခံ လေးထောင်ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ဒီလိုဖြစ်ပွားမှုတွေက ၂၀၂၂ ခုနှစ် မေလလယ်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကြောင့်လို့  ရှမ်းလူ့အခွင့်အရေး  မဏ္ဍိုလ်အဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။ 

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေက ဆီဆိုင်မြို့ ၊ ပင်လောင်းမြို့ ၊ တောင်းကြီးမြို့ တွေအပြင် ထိုင်းနိုင်ငံဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ဒေသခံထောင်နှင့်ချီထွက်ပြေးရတဲ့ လွယ်ပေါကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်တွေက ဆက်လက်စခန်းချထားတာကြောင့် နေရပ်ပြန်ဖို့ ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း နေအိမ်တွေမှာလည်း မွှေနှောက်ထားပြီး နေအိမ်တွေမှ စခန်းချကာ ကျေးရွာပတ်လည်တွေမှာလည်း မိုင်းထားတာတွေနဲ့  မကြာခဏ လမ်းမကြီးပေါ်ကို  ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။ 

လွယ်ပေါကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူအများစုမှာ ရှမ်းလူမျိုးများဖြစ်ပြီးဆန်၊ပြောင်းနှင့်ထောပတ် တို့ကိုစိုက်ပျိုးလုပ်ကို အသက်မွေးဝမ်းကြောင်းပြုပြီးနေထိုင်ကြတာလည်းဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့  ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ခုနှစ်သိန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းပြုစုထားပါတယ်။ 

ဒါ့အပြင် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ နှစ်သောင်းရှစ်ထောင်ကျော်ရှိနေပြီလို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *