စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကိုတားဆီးကန့်ကွက်ရမယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHဆို 

စစ်ကောင်စီက အသစ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို တားဆီးကန့်ကွက်သွားရမယ်လို့ ၂၀၂၂ ခုနှစ် ဒီမိုကရေစီနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့  နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် NUG က အွန်လိုင်းကနေကျင်းပသလို ၊ CRPH ကလည်း သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက နိုင်ငံတကာကို လှည့်ဖျားဖို့ သက်သက်သာဖြစ်ပြီး လွတ်လပ်စွာ မဲပေးခွင့် ၊ သတင်းရယူပိုင်ခွင့်နဲ့  ရွေးကောက်တင်မြှောက်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်ကို PR စနစ်နဲ့ ကျင်းပဖို့ ပြင်ဆင်နေသလို မဲစာရင်း အချက်အလက်တွေ စစ်ဆေးတာ၊ ဖြည့်သွင်းတာနဲ့ ခရိုင်ကော်မရှင်ခန့်အပ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းက ရုရှားနိုင်ငံကိုရောက်ခဲ့တဲ့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ရုရှားသတင်းဌာနကို ပြောဆိုထားပါတယ်။ 

နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လွတ်လပ်မှုနဲ့ ဒီမိုကရေစီလိုလားတောင့်တနေတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်တွေကို တောင်းဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *