
ဖေဖော်ဝါရီ (၂၄) ၊ ရန်ကုန်
လာမယ့်မတ်လလယ် (၁၆)ရက်နေ့ကနေစတင်ပြီး လွှတ်တော်(၃)ရပ်ကို ခေါ်ယူကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မနေ့က ဖေဖော်ဝါရီ(၂၃)ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
မတ်လ (၁၆) ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ (၁၈)ရက်နေ့မှာ အမျိုးသားလွှတ်တော်၊ (၂၀)ရက်နေ့မှာ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်တို့ကို အသီးသီးခေါ်ယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အပိုင်း(၃)ပိုင်းခွဲပြီး (၂၀၂၅) ခုနှစ် ဒီဇင်ဘာလကနေ (၂၀၂၆) ဇန်နဝါရီလမှာကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)က လွှတ်တော်ရဲ့ အမတ်နေရာအများဆုံးရရှိထားတာလည်း ဖြစ်ပါတယ်။
(USDP)ပါတီက အမျိုးသားလွှတ်တော်(၁၀၈) နေရာနဲ့ ပြည်သူ့လွှတ်တော်( ၂၃၁)နေရာတို့ဖြင့် စုစုပေါင်း လွှတ်တော်အမတ်နေရာ (၃၃၉) ခု နေရာရရှိထားပါတယ်။
USDP ရရှိထားတဲ့ ကိုယ်စားလှယ်အရေအတွက်တွေနဲ့ သမ္မတတွေကိုပါ စိတ်ကြိုက်ရွေးချယ်ခွင့်ရသွားတာလည်းဖြစ်ပါတယ်။
ဒီလွှတ်တော်အသစ်ကနေ သမ္မတလောင်းရွေးချယ်ခန့်အပ်ဖို့ကိုလည်း မဲပေးဆောင်ရွက်မှုများ ပြုလုပ်သွားမှာပါ။
အခုတစ်ခေါက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရှိ ရှမ်းနီပါတီနှစ်ခုထဲက ကိုယ်စားလှယ်များလည်း လွှတ်တော်အတွင်း နေရာရရှိခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ (ကျားမင်းပါတီ)က နိုင်ယူအကုန်ယူစနစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ(၁)ဦးနဲ့တိုင်းဒေသကြီးလွှတ်တော်(ပြည်နယ်လွှတ်တော်) ကိုယ်စားလှယ်(၁)ဦးတို့ ရွေးချယ်ခံထားရတာပါ။
ကချင်ပြည်နယ်အတွင်းက တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ပထမဆုံးအကြိမ်အဖြစ် ရှမ်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်(ဝန်ကြီး)(၁)ဦး၊ အချိုးကျကိုယ်စားပြုစနစ်ဖြင့် အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်(၁)ဦး နဲ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်(၂)ဦးတို့ နေရာရရှိထားပါတယ်။
စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ တော်လှန်ရေးအင်အားစုတွေအပါအဝင် အာဆီယံ ကပါ အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။
