စစ်ဘေးဒဏ်ခံရတဲ့ဗန်းမောက်တောင်ပိုင်းဒေသမှာစပါးများပျက်ဆီးကာစျေးကွက်ပျောက်ဆုံးနေ

နိုဝင်ဘာ ၇ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသမှာ  စပါးစိုက်ပျိုးချိန်နဲ့ ပြုစုပျိုးထောင်ရမယ့်အချိန်တွင် စစ်ဘေးမကြာခဏတိမ်းရှောင်နေရတာကြောင့် ထွက်လာတဲ့စပါးတွေမကောင်းသလို စပါးစျေးကွက်ပါပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

“ ရိတ်တာကတော့စပြီ၊ စပါးစျေးမှာ သူရောင်းသူ့စျေး၊ ကိုယ်ရောင်းကိုယ်စျေးဖြစ်သွားတော့တာပါ့၊ လူတွေက လုပ်ထားပြန်ရင်လည်း မီးလောင်ဘာလောင်မှာစိုးလို့ ညားသလိုရောင်းနေကြတော့တာပါ့” လို့ ဗန်းမောက်တောင်ပိုင်းဒေသ ပေပင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်တောင်းပိုင်းဒေသက စပါးစိုက်ပျိုးချိန်ဖြစ်တဲ့ ဇူလိုင်လမှာ စစ်ဘေးတစ်ကြိမ်တစ်ရှောင်ရပြီး  စပါးအတွက် မြေဩဇာနဲ့ ပြုစုပျိုးထောင်ရမယ့် စက်တင်ဘာလမှ တစ်ကြိမ် စစ်ဘေးထပ်မံတိမ်းရှောင်ရတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ စပါးတွေကို ဝယ်သူက ကြိုက်စျေးနဲ့  မျက်မြင်တွေ့ရတဲ့ စပါးတွေကို တစ်တင်းကျပ် ၇၀၀၀ ရတယ်လို့လည်းသိရပါတယ်။

စစ်မက်မဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်စျေးလျော့ကျနေတာဖြစ်ပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် စပါးမသိုလှောင်ထားရဲပဲ ရောင်းချနေကြတာလို့ သိရပါတယ်။  

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသက ကျေးရွာအားလုံးနီးပါးမှာ စိုက်ပျိုးထားတဲ့ စပါးတွေပျက်ဆီးတာ၊ ကျွဲနွားတွေက ဝင်ရောက် စားသောက်တာကြောင့် အပျက်အစီးများပြားတယ်လို့လည်း ဆိုကြပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ နှစ်စဉ်စပါးစိုက်ပျိုးတဲ့ ဧက သုံးသောင်းကိုးထောင်နီးပါးရှိနေပြီး စပါးတင်းပေါင်း ၃ သန်းခွဲကျော်ထွက်နေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *