
အောက်တိုဘာ ၈ ၊ မလေးရှား
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထဲ အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် “ဖြစ်နိုင်သမျှ အားလုံးကို လုပ်ဆောင်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာ သမ္မတ ဦးမင်းအောင်လှိုင် နဲ့ မလေးရှားဝန်ကြီးချုပ်တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။
“ကျွန်တော်တို့အနေနဲ့ မလေးရှားနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ဖို့ ဖြစ်နိုင်သမျှ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။ နောက်ဆုံးမှာတော့ ဘက်လိုက်မှုမရှိဘဲ မြန်မာနိုင်ငံကို ကျွန်တော်တို့နိုင်ငံတွေရဲ့ အသိုက်အဝန်းထဲမှာ ပြန်လည်ပါဝင်လာနိုင်အောင် ဆောင်ရွက်သွားမှာပါ။ အထူးသဖြင့် အာဆီယံအဖွဲ့ရဲ့ အခြေအနေအရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အန်ဝါက တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူတွေထဲက တချို့ကို မြန်မာဘက်က သွားရောက်ခေါ်ဆောင်မှုတွေရှိခဲ့ပြီး အဲလုပ်ငန်းကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား (၁၀,၄၉၃) ဦး ပြန်လည်လက်ခံဖို့ သဘောတူခဲ့တဲ့အတွက် မင်းအောင်လှိုင်ကို ကျေးဇူးတင်ရှိကြောင်းလည်း အန်ဝါက ပြောကြားခဲ့ပါတယ်။
မလေးရှားအစိုးရက မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဆက်လက် လက်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောထားပြီး သူတို့ကြောင့် နိုင်ငံဟာ ငွေကြေးဝန်ထုပ်ဝန်ပိုးနဲ့ လုံခြုံရေးအန္တရာယ်တွေ ရှိလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်မှာလည်း မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသား ၁,၅၀၀ ဝန်းကျင်ကို မြန်မာရေတပ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခဲ့ပါတယ်။
ဒါဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ပြန်လည်ပို့ဆောင်ခံရသူတွေအနေနဲ့ အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ သတိပေးထားတဲ့ကြားက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ ကို အဓိကထားပြောဆိုပြီး နှစ်နှစ်နိုင်ငံကြား ကဏ္ဍစုံမှာပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။
