
အောက်တိုဘာ ၇ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်ဆေးရုံမှာ ဆရာဝန်လစ်လပ်နေတာတစ်နှစ်နီးပါးကြာမြင့်လာခဲ့ပြီး ဆရာဝန်ပြန်ချပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မိုးကောင်းလွတ်တော်ကိုယ်စားလှယ်ရဲ့အဆိုကို ပြည်သူ့လွတ်တော်အစည်းအဝေးမှာလာရောက်ဖြေကြားပါတယ်။
၂၀၂၅ ခုနှစ်မှာ ဆေးရုံကို မိုးကောင်းမြို့နယ်နဲ့ ဒေသခံတွေရဲ့ စုပေါင်းမှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် လူမှုရေးခြိမ်းခြောက်မှုတွေကြောင့် လပိုင်းအကြာမှာ ဆရာဝန်လစ်လပ်ခဲ့တာလို့ ဒေသခံရပ်မိရဖတစ်ဦးက ပြောပါတယ်။
“ ရှမ်းဆရာဝန်လေး ဧပြီမှာ လာတယ်၊ ရွာသားတွေအပေါ်တော်တော်လေးစေတနာရှိတဲ့ ဆရာဝန်ပါ ၊ဒါပေမယ့် လူမှုရေးခြိမ်းခြောက်ခံရမှုတွေဖြစ်ပြီးတော့ အသက်အန္တရာယ်အထိခြိမ်းခြောက်ခံရတော့ ကြောက်လို့ လေးလအကြာ ၈ လပိုင်းလောက်မှာ မိုးကောင်းဘက်ပြောင်းသွားတာ” လို့ သူကပြောပါတယ်။
ဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်တဲ့အတွက် ဆရာဝန်တစ်ဦးကို ဆားမှော်တိုက်နယ်ဆေးရုံမှာ နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမယ်လို့ ဒုတိယဝန်ကြီးကလွတ်တော်မှာဆိုပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေလစ်လပ်သွားပြီးတဲ့နောက် ဆေးရုံလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ ဆေးရုံပြန်လည်ပြုပြင်ရေးအတွက် ကျပ်သိန်း ၁၀၀ ခွဲတမ်းချခဲ့ပေမယ့် လောက်ငှမှုမရှိတာကြောင့် ဒေသခံတွေက စိုက်ထုတ်ပြုပြင်ခဲ့ရသေးတယ်လို့ဆိုပါတယ်။
လတ်တလော ဆားမှော်ဆေးရုံမှာ သူနာပြု အကြီးနှစ်ယောက် နဲ့ သန့်ရှင်းရေးဝန်ထမ်း (၁)ဦး ၊ဆေးရုံစောင့် (၁)ဦး စုစုပေါင်း (၄) ဦးသာရှိပြီး အသေးစားကုသမှုတွေကိုတော့ လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။
“ ကျန်တဲ့ပညာရေးဝန်ထမ်းအကုန်လုံးက ရွာထဲမှာ မကြောက်မရွံ့အကုန်လုံးလုပ်ပေးနေကြတာလေ၊ ဆေးရုံကျန်းမာရေးဝန်ထမ်းပဲမရှိတာ အဓိပ္ပာယ်မရှိဘူးလေဗျာ ၊ ဒီတစ်ယောက်မလာရင်နောက်တစ်ယောက်လွှတ်ပေးပေါ့ဗျာ ၊အခုကရွာကိုပစ်ထားပေးတာ၊ ပြည်သူတွေကဒုက္ခတွေဖြစ်နေတာလေ၊ အခု လွတ်တော်မှာတင်ပြမေးတော့ နောက်နှစ်လနေရင်လွှတ်ပေးမယ်လို့ လူသိရှင်ကြားဖြေလာပါတယ်” လို့ သူကဆက်ပြောပါတယ်။
ဆားမှော်တိုက်နယ်ဆေးရုံမှာ ဆရာဝန်လစ်လပ်သွားပြီးတဲ့နောက် ပင်းဘော၊ မိုးကောင်း၊မြစ်ကြီးနားစတဲ့ ဆေးရုံရှိတဲ့နေရာတွေဆီကို သွားရောက်ဆေးကုသရပြီး သွားလာစရိတ်ကြီးမြှင့်မှုတွေ ကြုံတွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
