
အောက်တိုဘာ ၆ ၊ ငါးအိုး
ရွှေကူ-ဗန်းမော်လမ်းပိုင်းပေါ်က ငါးအိုး ဗျူဟာလမ်းပိုင်းကို KIA+PDF ပူးပေါင်းတပ်တွေက ပိတ်ပင်ပြီးတဲ့နောက် ကုန်တင်ကြား ရာနဲ့ချီ ပိတ်မိသွားခဲ့တယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေထံကနေ သိရပါတယ်။
ကသာ-ထီးချိုင့်လမ်းပိတ်ထားတာကြောင့် ငါအိုးလမ်းပိုင်းကနေ ရေကြောင်းနဲ့ဇက်ကူးပြီး ကုန်စည်တွေကို အဓိက ပို့ဆောင်နေရတာလည်းဖြစ်ပါတယ်။
” ကျနော်တို့ကားတွေက ကွင်းလမ်းကနေသွားရတာ မန္တလေးကနေ ငါးအိုးဘက်ကို တက်သွားရတာ အဲဘက်ကနေ ဇက်ဆိပ် ( ကူးတို့) ကနေ ကသာကိုကူးကြတာ”လို့ ကားဆရာ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
ထီးချိုင့်မြို့နယ်နဲ့ ငါးအိုးကြားမှာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကားလမ်းကို ယာယီပိတ်ထားခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ ခရီးသည်တင်ကားတွေနဲ့ လိုင်းကားများကိုသာ ကူးတို့ဆိပ်ကနေ သွားလာခွင့်ပြုခဲ့ပြီး ကုန်တင်ကားတွေကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။
အခုရက်ပိုင်းမှာ မန္တလေးမှတက်လာတဲ့ ကုန်ကား၊ လိုင်းကားအားလုံးက ထီးချိုင့်-ငါးအိုးလမ်းကို အသုံးပြုပြီး မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်ဘက်တွေကို ကုန်စည်ပို့ဆောင်နေရတယ်လို့သိရပါတယ်။
မန္တလေးမှ မြစ်ကြီးနားကို ၃ ညအိပ် ၄ ရက်ခရီး ကြာမြင့်နေတယ်လို့ ကားသမားတွေပြောပြချက်အရသိရပါတယ်။
ရွှေကူ-ငါအိုးလမ်းပိုင်းကိုတော့ မနေ့ကစလို့ KIA+PDF ပိတ်ထားပြီး သတ်မှတ်ထားတဲ့ ကွင်းလမ်း များကို အသုံးပြုသွားလာဖို့ နဲ့ ပိတ်ထားတဲ့လမ်းပိုင်းကိုဖြတ်သန်းမယ်ဆိုရင် စစ်တပ်ထောက်ခံတဲ့ ဒလန်၊ သူလျှိုဟု မှတ်ယူမယ်လို့ သတိပေး ထုတ်ပြန်ချက်ကို အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ထီးချိုင့်-အင်းတော်၊ ထီးချိုင့်-ကသာ လမ်းပိုင်းများပြန်လည်ဖွင့်ပေးနိုင်ဖို့အတွက် စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့သိရပါတယ်။
