
အောက်တိုဘာ ၅၊ မြစ်ကြီးနား
မြစ်ကြီးနားလေယာဉ်လက်မှတ် ရောင်းဝယ်မှုဟာ မှောင်ခိုစျေးကွက်ကြီးမားနေပြီး ဒီအပေါ်ထိန်းချုပ်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။
“ G၀ Show တွေက မရတော့ဘူးဟုတ်တယ်။ ပြီးရင်လေယာဉ်လက်မှတ်ဖြတ်ပြီးလို့ မလိုက်ဖြစ်ရင်လည်း ငွေပြန်အမ်း( refund ) ပြန်မရတော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူပြီး မစီးဖြစ်ပါက လက်မှတ်ပြန်အမ်းငွေရရှိမှာမဟုတ်တဲ့အပြင် လေဆိပ် Check-in Counter မှာ မှောင်ခိုစနစ် ( Go-Show )လက်မှတ်ရောင်းချမှုကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ သက်ဆိုင်ရာလေကြောင်းလိုင်းတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီစနစ်သစ်ဟာ ဒီကနေ့အောက်တိုဘာ (၅) ရက်နေ့မှာ စတင်အကျုံးဝင်သက်ရောက်မှာဖြစ်ပြီး ဒေသခံများအနေနဲ့ ပူးပေါင်းလိုက်နာကြဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုထားတယ်လို့သိရပါတယ်။
ဒါ့အပြင် လက်မှတ်တွေကို လေကြောင်းလိုင်းတွေရဲ့ တရားဝင် ဝက်ဆိုဒ်စာမျက်နှာတွေနဲ့ လေကြောင်းလိုင်းရုံးတွေမှာသာ ဝယ်ယူလို့ရတယ်လို့ဆိုပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်တဲ့တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လေယာဉ်လက်မှတ်ဈေးနှုန်းများကို ပြင်ပမှောင်ခိုဈေးကွက်တွင် ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ပေးဝယ်နေရမှုကို အရေးကြီးအဆိုတစ်ရပ်အနေနဲ့ဆွေးနွေးခဲ့ပါတယ်။
“ ဒီလို နေ့စဉ်လေယာဉ်တစ်စင်းတည်း ပြေးဆွဲပျံသန်းနေရတဲ့အတွက်ကြောင့်လည်း လေယာဉ်ခ နှုန်းထားများဟာ အဆမတန် ကြီးမြင့်မှုနဲ့ ကြုံတွေ့နေရပါတယ်။ သာမန်အားဖြင့် မြစ်ကြီးနား-မန္တလေး လေယာဉ်ခဟာ ငွေကျပ် ၆ သိန်း ၅ သောင်းကျော်သာရှိပြီး ပြင်ပဈေးကွက်မှာ ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ပေးဝယ်နေကြရပါတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက အခုလိုပြောဆိုခဲ့တာပါ။
ဒါကြောင့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များမှာ တစ်ရက်ကို ၂ ကြိမ်ဆင်း ၂ ကြိမ်တက်မှာ ဖြစ်ပြီး ဗုဒ္ဓဟူး၊ သောကြာနေ့များမှာ ၃ ကြိမ်ဆင်း ၃ ကြိမ်တက် တစ်ပတ်လုံး ၁၆ ကြိမ်ပြေးဆွဲနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုတိယဝန်ကြီးက ပြောဆိုခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားလေဆိပ်မှာ တနင်္လာနေ့ နဲ့ ကြာသပတေးနေ့မှာ မန်းရတနာပုံလေကြောင်းလိုင်း(MYP )၊ စနေနေ့မှာ Air Than Lwin လေကြောင်းလိုင်း၊ သောကြာနေ့နဲ့ အင်္ဂါနေ့မှာ မြန်မာ့လေကြောင်းလိုင်း (MAI) ၊ တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA) တို့ အပတ်စဉ်ပြေးဆွဲနေတာဖြစ်တယ်လို့သိရပါတယ်။
