

ဖေဖော်ဝါရီ ၂၇ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ထောက်ပံ့မယ့် တစ်လကျပ်နှစ်သောင်းဟာ လက်ရှိအထိ လူဦးရေ တစ်သောင်းခွဲကျော်နီးပါးသာ ရရှိနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။
“ ထောက်ပံ့ကြေးပေးမယ့်ဟာက အဲ့လိုမျိုးပေးတာတွေ မသိရသေးဘူး။ ကြားကိုမကြားမိသေးတာ” လို့ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ နယ်မြေတွေဆီကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို တစ်လကျပ်နှစ်သောင်းစီ တစ်နှစ်တိတိ စစ်ကောင်စီက ထောက်ပံ့သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
လက်ရှိအချိန်ထိ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ရေဦးခရိုင် ၊ စစ်ကိုင်းမြို့၊မုံရွာ မြို့ နဲ့ ကသာမြို့ရှိ စစ်ဘေးတိမ်းရှောင်လာသူတွေကိုသာ ပေးအပ်နေသေးကြောင်းသိရပါတယ်။
စစ်ကိုင်းမြို့မှာ စစ်ဘေးရှောင် ခြောက်သောင်းကျော်ရှိသော်လည်း လက်ရှိအချိန်ထိ လူဦးရေ နှစ်ထောင့်ငါးရာသာ ထောက်ပံ့ငွေပေးအပ်နိုင်သေးတာလည်းဖြစ်ပါတယ်။
ကောလင်း ၊ ကန့်ဘလူ နဲ့ ရေဦးခရိုင်တွေမှာ စစ်ဘေးရှောင် သိန်းနှင့်ချီရှိနေသော်လည်း ထောက်ပံ့မှုက လူဦးရေ ခြောက်ထောင်ကျော်သာ ပေးအပ်ထားတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။
ဒါ့အပြင် ငွေကြေးထောက်ပံ့ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ မြို့နယ်တချို့လည်းရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာသူတွေကို ထောက်ပံ့ကြေးငွေပေးဖို့ ပြင်ဆင်မှုတွေရှိနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ ဟုမ္မလင်း မှာသွားထုတ်ကြတာ ၊ ဘယ်မှာသွားထုတ်တာလည်းတော့မသိဘူး ။ မြို့နယ် လဝက ဟုတ်ကြောင်းမှန်ကန်ကြောင်းထောက်ခံစာတွေနဲ့သွားရတာပေါ့ တချို့ရွာမှာက လည်းစစ်ဘေးရှောင်တွေ ဘယ်နေ့ဘယ်ရက်ကို သွားထုတ်ရမယ်ဆိုတာ ဆော်ဩနေတယ်” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် KIA တို့တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြို့က စစ်ဘေးရှောင်တွေအပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာကုလသမဂ္ဂရဲ့စာရင်းအရ လူဦးရေ ၁.၂ သန်းဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ဆိုထားပါတယ်။