စစ်မှုထမ်းဆင့်ခေါ်ရေးပြဿနာများ နေ့စဉ်ဖြေရှင်းနေရပြီး စောင့်ကြည့်ဖို့ ဒု-စစ်ခေါင်းဆောင်ဆို 

မတ် ၂၁ ၊ နေပြည်တော် 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေမှာ  ဥပဒေနဲ့အညီမလုပ်ဆောင်တာတွေကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နိစ္စဓူဝ ဖြေရှင်းနေရတယ်လို့ ဒု-စစ်ကောင်စီဥက္ကဌ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကလောတပ်နယ်တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေနဲ့မညီသော မလိုလားအပ်သည့် ငွေကြေးမသမာမှုများကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းတချို့ အခက်အခဲအကျပ်အတည်းဖြစ်ပေါ်လာကာအဆိုပါနိစ္စဓူဝပြဿ နာတွေကိုလည်း ဖြေရှင်းနေရတယ်” လို့ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုခဲ့တာပါ။ 

ဒါ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေကို စစ်ကောင်စီတပ်သားတွေအနေနဲ့  စောင့်ကြည့်ပြီး မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို တွေ့ရှိရင် အချိန်နဲ့တပြေးညီတင်ပြလာဖို့ကိုလည်းပြောဆိုခဲ့ပါတယ်။ 

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ ငွေကြေးတောင်းခံမှု၊ ငွေကြေးမသမာမှုတွေရှိနေတာဟာ အပတ်စဉ် (၁)စတင်ဆင့်ခေါ်ကတည်းက ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းများကို စုဆောင်းရာမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေတွေအတိုင်းမဟုတ်ဘဲ ဖမ်းဆီးခေါ်ဆောင်ပြီး အတင်းအဓမ္မ စုဆောင်းတာ ၊ ငွေကြေးပေးပြီး အစားထိုးလဲလှယ်စေတာတွေကို ဆင့်ခေါ်ရေးအဖွဲ့များ၊ စစ်ကောင်စီတပ်သားများက ပြုလုပ်နေကြတာလို့ သတင်းမှတ်တမ်းတွေက ဖော်ပြထားကြပါတယ်။ 

မြို့ပေါ်သွားရမှာကြောက်တယ်၊ သူတို့ (စစ်သား) တွေက သူတို့လှည့်တဲ့အချိန်နဲ့သွားတိုးမိရင် ဖမ်းသွားပြီး ပြန်မလွှတ်တော့ဘူး။ ရွာမှာ သွားရွေးတာ နှစ်ယောက်ဆိုရင် တစ်ယောက်လောက်ပဲပြန်ရတယ်။ တစ်ယောက်ကို သိန်းရာနဲ့ချီပေးရတယ်။ တချို့ကောင်လေးတွေဆို ရွေးလို့မရဘူး” 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်စ ဇန်နဝါရီလမှာ စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုမြို့အတွင်း စစ်မှုထမ်းအစားထိုးဖို့အတွက် ငွေကြေးသိန်းတစ်ရာကျော်တောင်းခံခဲ့တဲ့ မြို့နယ်ရဲမှူး၊ မြို့နယ်စာရေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ အပတ်စဉ် ၁၁ အထိ ဖွင့်လှစ်သင်ကြားနေပြီလည်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *