စစ်ရေးစိုးရိမ်မှုကြောင့်ကသာမြို့ပေါ်ရှိအခြေခံပညာကျောင်းများယာယီပိတ်ထားရ

နိုဝင်ဘာ ၉ ၊ ကသာ 

 စစ်ကိုင်းဒေသကြီးအထက်ပိုင်း ခရိုင်မြို့ဖြစ်တဲ့ ကသာမြို့ပေါ်က အခြေခံပညာကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

 ကသာမြို့ပေါ်က စာသင်ကျောင်းတွေ ပိတ်ထားရတာဟာ  ပညာရေးဌာနက ညွှန်ကြားထားတာမျိုးမဟုတ်ဘဲ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ကျောင်းကိုလာတဲ့ ကျောင်းသားတွေ မရှိသည့်အတွက် ယာယီပိတ်ထားရတာလို့ ကသာမြို့ခံတစ်ဦးက ပြောပြပါတယ်။

“လောလောဆယ်တော့ ကျောင်းတွေ ပိတ်ထားတယ်။ ကျောင်းတွေ ပိတ်ထားတယ်ဆိုတာက ဟိုလို ပိတ်တာမဟုတ်ဘူး။ ဟို ကျောင်းသားမိဘတွေက စိုးရိမ်တဲ့ပြီးတော့ အဲ့ဒီ ရဲတွေတောင်မှ တပ်ထဲကို ရွေ့ကုန်ပြီ။ အဲ့ဒါနဲ့ ကြောက်လန့်လို့   တစ်နေ့ကပေါ့လေ ကလေးတွေကို ပြန်ခေါ် ပြန်ကြို အကုန်ခေါ်ပြန် အဲ့လိုဆိုတဲ့အခါကျတော့  အဲ့ဒါနဲ့ ကျောင်းလာတဲ့လူ မရှိလို့ လောလောဆယ်တော့ ယာယီ ပိတ်ထားတာပါ့။” လို့ ဆိုပါတယ်။ 

  ခရိုင်မြို့ဖြစ်တဲ့ ကသာမြို့ပေါ်က ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုများက ဒရုန်းနဲ့ ခဏခဏလာရောက်တိုက်ခိုက်တဲ့အတွက် ရဲစခန်းက မိသားစုဝင်တွေကို စစ်တပ်ဝင်းထဲ ပြောင်းရွှေ့ခိုင်းရာကနေ အခုလိုအခြေအနေမျိုးတွေဖြစ်လာရတယ်လို့ နောက်ထပ်ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ထပ်မံ ပြောဆိုခဲ့ပါတယ်။

“ရဲစခန်းကို ခဏခဏ ဒရုန်းနဲ့ လာ လာချတဲ့အခါကျတော့ မိသားစုဝင်တွေကို ထိမှာစိုးလို့ မိသားစုဝင်တွေကိုက စစ်တပ်ထဲကို ရွှေ့ပေးထားတာ။ အဲ့ဒါဆိုတော့ စခန်းကတွေတောင်မှ မရှိတော့ဘူး ထွက်ပြေးကြကုန်ပြီပါ့လေ။ အဲလိုဆိုတော့ လူတွေက ပိုလန့်သွားကြတာ မိန်းမတွေ ကလေးတွေ အဲ့လိုတွေပဲ ရွှေ့ပေးထားတာ။ သူတို့ ဟိုဟာတွေက အဲ့မှာပဲ။” လို့ ၎င်းကဆိုပါတယ်။

  ကသာမြို့ပေါ်က ပြည်သူလူထုတွေကို နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ နောက်ဆုံးထားပြီး မြို့ကနေ ရှောင်တိမ်းကြဖို့ တော်လှန်ရေးအင်အားစုများဘက်က လှုံ့ဆော်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရှိရပါတယ်။

ကောလင်းမြို့ကို NUG က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ၎င်းမြို့နဲ့ အနီးပတ်ဝန်းကျင်မြို့တွေမှာလည်း ရိုက်ခတ်မှုတွေရှိလာကာ ကြိုတင်ထွက်ပြေးတိမ်းရှောင်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *