
ဩဂုတ် ၉ ၊ ဆင်ဘို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကနေ ဗန်းမော်မြို့ကို ရေလမ်းခရီးဖြင့့် ခရီးသွားလာခွင့် ပိတ်ပင်ထားတာ (၃)ရက်ခန့် ရှိနေပြီလို့ ဆင်ဘိုဒေသခံတွေဆီကနေ သိရပါတယ်။
ဆင်ဘိုမြို့မှ ဗန်းမော်မြို့ သို့သွားလာခွင့်ကို ဩဂုတ်လ ၆ ရက်နေ့ကစပြီး KIA+ PDF ပူးပေါင်းတပ်က ပိတ်ပင်ထားတာဖြစ်ပြီး စစ်ရေးအခြေအနေကြောင့် ဖြစ်တယ်လို့ ဆင်ဘိုဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ဘယ်နှစ်ရက်နေ့က စပိတ်တာလဲ ဆိုတော့ ဒီနေ့နဲ့ဆိုလို့ရှိရင် သုံးရက်မြောက်လောက်တော့ ရှိပြီ။ ပိတ်ချင်တဲ့ အချိန်ပိတ်တယ်။ သူတို့က အခြေအနေကြည့်ပြီးတော့ ဖွင့်ချင်တဲ့ အချိန်ဖွင့်တယ်။ အဲ့လိုမျိုးပေါ့ သူတို့ အဲ့ဒီလိုပဲ။” လို့ သူက ဆိုပါတယ်။
ဆင်ဘိုမြို့နဲ့ ဗန်းမော်မြို့သွားလာရေးဟာ ရေကြောင်းကိုသာ အဓိက အားထားနေရကာ ဗန်းမော်ဘက်ကို သွားလိုတဲ့ ခရီးသည်တွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဆင်ဘိုမြို့အနေနဲ့ ကုန်သွယ်ရေးကို မြစ်ကြီးနားမြို့နဲ့သာ အများဆုံး ဆက်သွယ်သွားလာနေပြီး လက်ရှိမှာတော့ ကုန်သွယ်ရေးမှာ ကန့်သတ်ခံထားရတယ်လို့လည်း သိရှိရပါတယ်။
မြစ်ကြီးနားမှ ဆင်ဘိုသို့ သွားမယ့် စက်လှေတွေမှာလည်း ကုန်ပစ္စည်းတင်ဆောင်ခွင့်ကန့်သတ်ခံထားရပြီး အကြောင်းပြချက်တစ်စုံတစ်ခုရှိမှသာ ကုန်ပစ္စည်းတင်ဆောင်ခွင့်ပေးတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဆင်ဘိုဒေသခံတွေအနေနဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိဖို့အတွက် ဟိုကပ်ကျေးရွာအထိ ရေကြောင်းနဲ့ သွားလာရပြီး ဟိုကပ်ကနေတစ်ဆင့် ကုန်းကြောင်းနဲ့ တစ်ဖန်ပြန်သွားမှသာ ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။
ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသကာကွယ်ရေးတပ် PDF တို့က ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။