စစ်သားသစ်စုဆောင်းမှု နှင့် ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ဗန်းမော်ခရိုင်က ရှမ်းလူငယ်များ ပြည်ပထွက်နေကြ

အောက်တိုဘာ ၄ ၊ ဗန်းမော် 

ဗန်းမော်ခရိုင်တွင်းမှာ စစ်ကောင်စီ နဲ့ KIA+PDF  ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲကြောင့် ဒေသတွင်း ပဋိပက္ခတွေနှင့် မတည်ငြိမ်မှုများကြောင့် ဒေသခံ ရှမ်းလူငယ် အမျိုးသားတွေ ပြည်ပထွက်ခွာသူ ပိုများလာတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့  မိုးမောက်မြို့နယ်အတွင်းက ကျေးလက်မှာနေထိုင်တဲ့  အမျိုးသားလူငယ်တွေဟာ မကြာခဏ စစ်သားစုဆောင်းမှုတွေခံရတာတွေကြောင့် အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်မှုတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။ 

ဒါ့အပြင်  တိုက်ပွဲတွေကြောင့် စီးပွားရေးကြပ်တည်းလာကာ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့်လည်း ပြည်ပထွက်ခွာနေသူ တွေများနေကြတယ်လို့ ဆိုကြပါတယ်။ 

အလုပ်ကိုင်ကြောင့်လဲတစ်ပိုင်းပါတယ်၊ စစ်သားစုဆောင်းခံရတာကြောင့်လဲပါတာပေါ့၊ ရွာမှာနေတယ်ဆို အိပ်စားအိပ်စားနေရင်းနဲ့ပဲ တစ်ရွာ ၄၀၊ ၂၀ ကချင်စစ်သားတွေ အမြဲလူလာကောက်နေကြဆိုတော့၊ တရုတ်ပြည်ပြေးကုန်ပြီ၊ ယောကျ်ားလေးတွေ မရှိတော့ဘူး၊ အမျိုးတွေရှိတယ်လေ ၊ တိုင်းနေတွေလေ” လို့ ဗန်းမော်ဒေသခံ တစ်ဦးပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာ ဗန်းမော်ခရိုင်အတွင်းက ရှမ်းလူငယ် သုံးဆယ်ထက်မနည်း စစ်သားစုဆောင်းရေးဆွဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

အဲ့တာတွေကြောင့် စက်တင်ဘာ လအတွင်းမှာ တရုတ်နိုင်ငံဘက်ကို ဗန်းမော်ခရိုင်အတွင်းက  ရှမ်းနီ နဲ့ တိုင်းနေ လူငယ်တွေ ထွက်ခွာနေကြတာလည်းဖြစ်ပါတယ်။  

အများစုက မန္တလေးဘက်ကို တိမ်းရှောင်တာ နဲ့  တရုတ်ပြည်က ရှမ်းအမျိုးတွေဆီ သွားရောက်တိမ်းရှောင်ကြတာ ပိုများတယ်လို့လည်း ၎င်းက ဆက်ပြောပြပါတယ်။

စစ်ကောင်စီက ယခု ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့ကနေစပြီး အမျိုးသားများ ပြည်ပထွက်ခွာခွင့်ကို ယာယီပိတ်ထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသို့ နေ့စဉ်နှင့်အမျှ တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေနဲ့ပါ ထွက်ခွာနေသလို တခြား အာရှနဲ့ အရှေ့အလည်ပိုင်းနိုင်ငံတွေကို ထွက်ခွာနေကြဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ 

ဒီလိုထွက်ခွာမှုတွေမြင့်တက်မှုတွေကြောင့် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားပြုလုပ်ကာ လူသစ်စုဆောင်းမှုများ၊ အလွန်မြင့်မားလာတယ်လို့  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထုတ် IOM အစီရင်ခံစာက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *