စစ်အာဏာသိမ်းပြီးနောက်ရှမ်းနီတိုင်းရင်းသားများ၏လက်ဖက်စိုက်ခင်းများတွင်တရားမဝင်ရွှေတူးဖော်မှုပြုလာ

အောက်တိုဘာ ၁၁ ၊ ဟုမ္မလင်း 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှမ်းနီတိုင်းရင်းသားများ၏ လက်ဖက်စိုက်ခင်းများတွင် ရွှေမျှောတူးဖော်မှုများတွင်ကျယ်စွာလုပ်ကိုင်မှုများ ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။​

ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ နောင်ပင် ၊​မိုင်းဝယ် ၊​ ဆယ်နှိုင်း ၊ မိုင်းတောင်း စသည့်ကျေးရွာများရှိ လက်ဖက်စိုက်ခင်းများတွင် တူးဖော်နေကြသည်ဟု ဒေသခံများကပြောဆိုသည်။ 

“နောင်ပင်မျက်စောင်းထိုး မိုင်းဝယ် ၊  ဆယ်နှိုင်း အဲ့ဘက်က လက်ဖက်ကုန်းတွေလည်း ကုန်နေပြီတဲ့တူတယ်ဗျ  ၊ စက်ယန္တရားကြီးတွေနဲ့ တိုက်နေတာ ၊​နောင်ပင်ရဲ့  အောက်ဘက်မှာလည်း မိုင်းတောင်းဆိုတဲ့ရွာရှိတယ်ဗျ  ၊​ကုမ္ပဏီတစ်ခုကတော့သိတယ်။ သူတို့ရွာသစ်တည်ထားတဲ့ နေရာကနေ လက်ဖက်ကုန်းတွေထိလည်း ကုန်နေပြီပြောတယ်​“ ဟု ဒေသခံ တစ်ဦးက ရှမ်းနီအသံကို ပြောသည်။ 

ရွှေမျှောလုပ်ကိုင်သူများသည် လက်ဖက်စိုက်ခင်းများကို ဝယ်ယူပြီး တစ်နိုင်တစ်ပိုင်မှ စက်ယန္တရားကြီးများဖြင့် အာဏာသိမ်းပြီးနောက် ပိုလုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ 

ဒေသခံများက ဒီလက်ဖက်စိုက်ခင်းများတွင် ရွှေမျှောလုပ်ကိုင်နေမှုများကို တားဆီးချင်နေကြသော်လည်း လက်ရှိကာလအနေအထားအရ အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။ 

“ ဒီလက်ဖက်ခင်းတွေပျောက်ရင် ဒေသခံရှမ်းနီတွေ မြေပျောက်တာနဲ့ မထူးတော့ဘူး ၊ ရွှေမျှောတွေက တိုက်ပြီးပြန်သွားတာ ၊ ဒေသခံက ဘာမှပြန်စိုက်မရ ၊ပျိုးမရနဲ့ ခွကျကုန်ရော ၊ ပြီးတော့ ရေဝေရေလဲကုန်းတွေဆို အောက်ဘက်မှာရှိတဲ့ လယ်တွေအတွက်ပါ ထိရော” ဟု ရှမ်းနီလူငယ် စိုင််းဆေခမ်းဖက ပြောသည်။ 

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ပျိုးထားသည့် ကျေးရွာအုပ်စု ၃၃ စုရှိပြီး ရှေးယခင်ကတည်းက ရှမ်းနီတိုင်းရင်းသားများ စိုက်ပျိုးထားခဲ့ခြင်းဖြစ်သည်။ 

“ ရွှေမျှောလုပ်ငန်းကြီးထွားလာတာနဲ့ ဒါကိုမှီခိုပြီး စားသောက်တဲ့သူတွေလည်းရှိလာမှာပေါ့ ၊ သို့သော်လည်း ဒီလက်ဖက်ခင်းတွေ ဒီတောတောင်ရေမြေသဘာဝ ဘိုးဘွားမိဘတွေများ တွင်ခုတ်လုပ်ခဲ့တဲ့ ဒီလက်ဖက်ခင်းတွေကို ပျက်စီးသွားတာဆိုရင် နှိုင်းယှဉ်လို့ရမှာမဟုတ်ပါဘူး” ဟု နောင်ပင်ဒေသခံ တစ်ဦးကပြောကြားသည်။ 

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ပျိုးသည့် ဧက ၈ ထောင်ကျော်ရှိပြီး စိုက်ပျိုးသည့်တောင်သူ  နှစ်ထောင်ကျော်ရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *