


ဇန်နဝါရီ ၁၃၊ စပေါ့
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊စပေါ့ကျေးရွာရဲ့ ရွာလည်လမ်းမကြီးအတွင်းနွံကန်ပေါက်ကျမှုထဲ ယနေ့ (ဇန်နဝါရီလ ၁၃) ညနေပိုင်းအထိ ကလေးငယ်(၄)ဦးအပါအဝင် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၆)ဦးအလောင်းတို့ကို ကနဦးတွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ အဓိကပြိုရတဲ့အကြောင်းရင်းက စက်ယန္တရားတွေရဲ့တုန်ခါမှု၊ယမ်း၊ကျောက်ဖောင်မိုင်းခွဲတာ အေ့တာတွေကြောင့် သူ့ရဲ့ဘေးပတ်ချာလည်ကအကုန်လုံးကလုပ်ကွက်ကြီးပဲဆိုတော့ အားလုံးကြောင့်အားလုံးနဲ့ဆိုင်တာပေါ့လေ” ဟု စပေါ့ကျေးရွာအနီး နေထိုင်သူတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။
ပြိုကျမှုဖြစ်ပွားတဲ့အချိန်က လူခြေတိတ်တဲ့ မနက်ပိုင်း (၁)နာရီအချိန်မှာ ဖြစ်ပွားခဲ့တာကြောင့် ခန့်မှန်းလူဦးရေ တစ်ရာကျော်ပျောက်ဆုံးနေကြောင်း သိရပါတယ်။
စပေါ့ကျေးရွာရဲ့ဘေးပတ်ပတ်လည်မှာ ရတနာဓိပတိကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အပါအဝင် လုပ်ကွက်(၃)ခုရှိနေတာဖြစ်ပြီး ရွာလည်လမ်းမကြီးဘေးတစ်ဖက်တစ်ချက်ရှိ နေအိမ်အားလုံးနီးပါးပြိုကျနစ်မြှုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နွံကန်ပြိုကျမှုထဲမှာ နေအိမ်(၅၀) နစ်မြှုပ်ခဲ့ပြီး ကယ်ဆယ်ရေးများ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စပေါ့ကျေးရွာအတွင်း နေထိုင်သူဒေသခံများက ရေမဆေးကျောက်ရှာဖွေမှုတွေကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေ(၂၀၀)ကျော်ရှိပါတယ်။