တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ကြိုးပမ်းမယ်လို့ NDAA ဆို 

NDAA ကိုယ်စားလှယ်များနှင့် ဦးမင်းအောင်လှိုင်တို့ သမ္မတအိမ်တော်တွင် တွေ့ဆုံနေကြစဉ်/ SR-4 ESS

ဩဂုတ် ၁၂၊ နေပြည်တော်

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အခြေပြုထားတဲ့  အမျိုးသားဒီမိုကရက်အဖွဲ့ (NDAA) မိုင်းလား တပ်ဟာ တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုအုပ်ချုပ်ခွင့်ရရှိရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ နေပြည်တော်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထုတ်ပြန်ချက်အရသိရပါတယ်။ 

ဩဂုတ်လ ၁၀ ရက်နေ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC နဲ့ NDAA တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိ ရေးအတွက် ခိုင်မာစွာ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံတော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း အပြည့်အဝပူးပေါင်းပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေကို လက်တွဲလုပ်ဆောင်သွားမယ်လို့ NDAA ဥက္ကဌ ဦးထိန်လင်းက ပြောဆိုထားပါတယ်။ 

NDAA နဲ့ NSPNC အဖွဲ့တို့ဟာ  ရက် ၁၀၀ စီမံကိန်းအတွင်း မိုင်းလားမှာ   ပထမအကြိမ်တွေ့ဆုံထားပြီး အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ 

နေပြည်တော်ကိုရောက်ရှိနေတဲ့ NDAA (မိုင်းလား) တပ်ကိုလည်း သမ္မတဦးမင်းအောင်လှိုင်တို့က  နေ့က ဩဂုတ် ၁၁ မှာ တွေ့ဆုံခဲ့ကြပါတယ်။ 

တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ  သမ္မတ ဦးမင်းအောင်လှိုင်က မိုင်းလားဒေသအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ရေအားလျှပ်စစ်နဲ့ ဆိုလာမီးလုံလောက်စွာထုတ်လုပ်နိုင်ရေးတွေပါဝင်ခဲ့ပါတယ်။ 

လတ်တလော ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ဖို့အတွက်  ကျန်းမာရေးဝန်ထမ်းများစေလွှတ်ပေးသွားမှာဖြစ်တယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့တာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံ-မိုင်းလားလမ်းမကြီး နဲ့ မိုင်းယု-ကျိုင်းယန်းတံတား ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ရန် ပြုပြင်ရေးတွေလုပ်ဆောင်ဖို့အပြန်အလှန်ဆွေးနွေးခဲ့ကြတယ် လို့သိရပါတယ်။

မိုင်းလားတပ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသကုန်သွယ်ရေးဟာ   ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှစလို့ ဒီနေ့အထိ အရေးပါလာခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်အထူးဒေသ (၄)ကို NDAA တပ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သတ်မှတ်ထားပြီး  မိုင်းလား၊ ဆီလူးနှင့် နမ့်ပန် စတဲ့မြို့တွေပါဝင်ပြီး  တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း နီးစပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *