
သြဂုတ်(၁၃)၊မဘိမ်းမြို့
စစ်တပ်ကထိုးစစ်ဆင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊မဘိမ်းမြို့နယ်မှာ လေကြောင်းဒဏ်ကြောင့် (၁၀)ရက်ကျော်အတွင်း အရပ်သားသေဆုံးသူ(၄)ဦးအထိရှိလာနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ဒီနေ့ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈)ရက်နေ့ကနေ အခုသြဂုတ်လ(၈)ရက်နေ့အထိ နှစ်ပတ်အတွင်းမှာပဲ သေဆုံးသူ(၄)ဦးအပြင် ဒဏ်ရာရရှိသူ(၈)ဦးအထိရှိခဲ့တာလည်းဖြစ်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နဲ့ အနီးကျေးရွာဖြစ်တဲ့ သဟဲကျေးရွာအပါအဝင် နေအိမ်အလုံးပေါင်း(၂၀)ခန့် ပျက်စီးခဲ့ပါတယ်။
အဓိကအားဖြင့် မဘိမ်းမြို့ပေါ် ရပ်ကွက် (၂)နဲ့ ရပ်ကွက်(၃)တို့မှာ ဗုံးကြဲမှုပြင်းထန်ခဲ့တာကြောင့် သေဆုံးသူအားလုံးက ဒီရပ်ကွက်တွေအတွင်းနေထိုင်သူတွေလည်းဖြစ်သလို အဆောက်အဦးပျက်စီးမှုထက်ဝက်ကျော်ကလည်း မြို့အတွင်းမှာဖြစ်ပွားခဲ့တာပါ။
ဒီပျက်စီးမှုတွေထဲ မဘိမ်းမြို့ဆေးရုံကြီးရဲ့အဆောက်အအုံ(၃)လုံးလည်းပါဝင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို Y12 တိုက်လေယာဉ်နဲ့ ဂျက်ဖိုက်တာတို့ကို အသုံးပြုဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။
မဘိမ်းမြို့နယ်မှာ မေလကနေစပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်သလို မိုးမိတ်မြို့နယ်မှာလည်း အခုလရက်ပိုင်းကနေစပြီး နှစ်ဖက်အကြားတိုက်ပွဲတွေပြင်းထန်လာနေပါတယ်။
မိုးမိတ်မြို့နယ်၊ညောင်နီကျေးရွာမှာ သြဂုတ်လ(၁၁)ရက်နေ့က နေ့လည်ပိုင်းကနေ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို မနေ့က(၁၂)ရက်နေ့ကလည်း မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေကြောင်း ဒေသတွင်းနေထိုင်သူများထံမှ သိရပါတယ်။
တိုက်ပွဲကြောင့် ညောင်နီကျေးရွာဘုန်းတော်ကြီးကျောင်းက ဆရာတော်တစ်ပါးထိခိုက်ဒဏ်ရာရရှိထားပြီးနောက် ကျေးရွာသူ/သားအားလုံး စစ်ဘေးတိမ်းရှောင်ထားပြီးဖြစ်ပါတယ်။
မိုးမိတ်မြို့ကိုတော့ TNLA က (၂၀၂၅)ခုနှစ်မှာ စစ်တပ်ကိုပြန်လည်လက်လွှဲခဲ့တာဖြစ်ပြီး မဘိမ်းမြို့ကိုတော့ (၂၀၂၄)ခုနှစ်ကနေ ယနေ့အချိန်အထိ KIAနဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် စစ်တပ်ကမြို့ကိုပြန်လည်ရရှိရေး ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။
