PDF တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းထဲကနေရာအများစုမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူတွေရှိလာ

ရေဦးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေနစ်မြှုပ်နေသည့် PDF ထိန်းချုပ်ကျေးရွာတစ်ခုကိုတွေ့ရစဉ်/Credit

ဩဂုတ် ၁၄၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးထဲက ကောလင်း၊ကန့်ဘလူ၊ ကျွန်းလှ ၊  ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ မြင်းမူ မြို့နယ်က နေရာအများစုမှာ မိုးများပြီးရေကြီးရေလျှံမှုကြောင့်  သေဆုံးသူ (၂၀) ဦးထက်မနည်းရှိလာတယ်လို့ ဒေသခံများမှသိရပါတယ်။

ကန့်ဘလူခရိုင်ထဲက ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ရေလှောင်တမံဟာ ရေဖောက်ချခဲ့တာကြောင့် ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားက မူးမြစ်ရေလျှံတက်လာပြီး PDF တပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာပေါင်း (၂၀) ကျော်အတွင်းကို ရေဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့သူတွေဟာ ရေဘေးလွတ်ရာကို ပြောင်းရွှေ့စဉ်အတွင်း လှေမှောက်မှု၊ ရေနစ်မှုနဲ့ မြွေကိုက်ခံရမှုတွေကြောင့် ဩဂုတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေက ကလေးငယ်တစ်ဦးအပါအဝင် လူ ၂၀ ဦး သေဆုံးခဲ့ရတာပါ။

သဖန်းဆိပ်ဆည် ဖောက်ချခဲ့ရတာကြောင့် ရေကြီးရေလျှံမှုတွေဟာ မြို့နယ် ၁၁ ခုမှာဖြစ်ပေါ်ခဲ့ပြီး လယ်ဧက ငါးသောင်းခွဲနီးပါး ရေနစ်မြှုပ်ခဲ့တာလို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေဟာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်မှုအားနည်းနေတာကြောင့် ဝေဖန်မှုတွေရှိနေသလို ဒေသခံတွေဟာလည်း သောက်သုံးရေး၊ဆေးဝါး၊ စားနပ်ရိက္ခာ နဲ့ မြွေဆိပ်ဖြေဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာရေကြီးမှုကြောင့် မြစ်ကြီးနား- မန္တလေးလမ်းပိုင်းဖြစ်တဲ့ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-ဒီပဲယင်း စတဲ့ လမ်းပိုင်းပျက်စီးမှုကြောင့်ခရီးသွားယာဉ်များနဲ့ ကုန်ကားများရာနဲ့ချီပိတ်မိ နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီကျေးရွာတွေရှိ စပါးစိုက်ခင်းတွေနဲ့ လယ်ယာသုံးစက်ပစ္စည်းများရေနစ်မြှုပ် ပျက်စီးသွားတာကြောင့် သီးနှံများပြန်လည်စိုက်ပျိုးရန် အခက်အခဲတွေရှိနေတယ်လို့  ဆိုပါတယ်။

လက်ရှိမှာတော့ ရေပြန်ကျလာလို့ တော်လှန်ရေးတပ်တွေကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာ တယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ် ၁၇ မြို့နယ်မှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့  မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *