
ဧပြီ ၂၉ ၊ ဟုမ္မလင်း
တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ပျက်စီးမှုကြောင့် စာမေးပွဲထပ်မံဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းဖွင့်လှစ်ပြီး ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေး ပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးက ဆိုပါတယ်။
ဧပြီလ ၂၈ ရက်နေ့ကနေ စတင်ပြီး လေ့ကျင့်ရေးစခန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသားတွေရဲ့နေထိုင်စားသောက်ရေးတွေကိုလည်း တာဝန်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်သင်ကြားရေးစခန်း (Camp) တွေမှာ Revision Class ( စာပြန်နွေးတဲ့အတန်း) ပုံစံအနီးကပ်သင်ကကြားပေးသွားမှာဖြစ်ပြီး တက္ကသိုလ်က ပါမောက္ခတွေ နဲ့ ဆရာမတွေက သင်ကြားပေးသွားမှာလို့ သိရပါတယ်။
လက်ရှိမှာတော့ ကချင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လေ့ကျင့်သင်ကြားနိုင်ရေးအတွက် ပြင်ဆင်မှုတွေရှိနေပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
လေ့ကျင့်ရေးစခန်းတွေအတွက် စစ်ကောင်စီက ပြင်ဆင်ထားမှုတွေရှိနေပေမယ့် နယ်မြို့အများစုတွေမှာတော့ အခုလိုပြင်ဆင်ထားမှုတွေကို မတွေ့ရသေးကြောင်း စုံစမ်းသိရှိရပါတယ်။
“ အခုတော့ ဘော်ဒါဆောင်တချို့က ကျောင်းသားလေးတွေကိုလက်ခံနေပြီ။ ကျောင်းသားလေးတွေလာကြတာတွေရှိတယ်။ စုံအောင်တော့မဟုတ်ဘူးပေါ့၊ လာတဲ့သူတွေလည်းလာတယ်။ မလာတဲ့သူတွေလည်းမလာဘူး။ ဆယ်တန်းအတွက်ကတော့ အမှတ် ၁ ကျောင်းဝင်းထဲမှာတော့ လုံခြုံရေးတွေချထားတာတွေ့တယ်။ အဲ့တာ ကျောင်းဖွင့်တာလား သေချာမသိရသေးဘူး။” လို့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။
ပြန်လည်ဖြေဆိုဖို့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကဒ်ပြားတွေကို လာမယ့် ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ထုတ်ယူလို့ရမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုရမယ့် စစ်ကိုင်း ၊ ကချင် နဲ့ မန္တလေးက ကျောင်းသား/သူ ခြောက်သောင်းခွဲကျော်ရှိပြီး စစ်ကောင်စီက ငလျင်နဲ့ စစ်ဘေးသင့်ဒေသက ကျောင်းသားတွေအတွက် မည်သို့စီစဉ်ထားသလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။
ရှမ်းနီအသံကစုံစမ်းမေးမြန်းမှုတွေအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူတချို့ဟာ လုပ်ငန်းခွင်ထဲကို ဝင်ရောက်သွားခဲ့တာတွေကြောင့် ပြန်လည်ဖြေဆိုဖို့မဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။
“ ကျွန်တော်တို့မိဘအနေနဲ့ကတော့ ၁၂ တန်းဖြေထားပြီးတဲ့ဟာတွေက ဘယ်လိုပြောရမလဲ အခက်အခဲအမျိုးမျိုးကြားထဲကနေပြီးတော့မှ ဖြေခိုင်းထားရတာပေါ့ကွာနော် အခက်အခဲကြားထဲက ဖြေခိုင်းထားခဲ့ရတာကို နောက်ထပ်တစ်ခါထပ်ဖြေရမယ်ဆိုတော့ ကလေးတွေကအခုဆိုရင် စာကျက်တဲ့နေရာလည်းမရှိဘူး ။ သူတို့ခရီးထွက်ပြီးတော့မှ ပိုက်ဆံတွေဘာတွေရှာရတာပေါ့ကွာနော့် အဲ့လိုမျိုးတွေရှာရတော့ စာနဲ့အလှမ်းဝေးသွားတော့ ပြန်ဖြေရမယ်ဆို အခက်အခဲတွေအများကြီးကြုံနိုင်တယ်ဗျာ့။ စစ်ဘေးရှောင်လို့လာနေထားတာဟုတ်ပါတယ်။ စစ်ဘေးရှောင်ရင်း ကျွန်တော်တို့သားသမီးတွေကိုလည်းစာတတ်ခိုင်းစေချင်လို့ အခက်အခဲအမျိုးမျိုးကြားထဲက ၁၂ တန်းမဖြေဖြစ် ၊ ဖြေဖြစ်အောင်လေး ဖြေခိုင်းထားတာ။ ဒီလိုဖြစ်သွားတယ်ဆိုတော့။” လို့ စစ်ဘေးရှောင်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းထားရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေဟာ မီးလောင်ပျက်စီးခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံဖြေဆိုဖို့ ဧပြီလလယ်မှာပဲ စစ်ကောင်စီကကြေညာခဲ့တာဖြစ်ပါတယ်။
ပြန်လည်ဖြေဆိုရမယ့်အပေါ် ကျောင်းသားတွေ နဲ့ ကျောင်းသားမိဘတွေက အမြင်သဘောထားအမျိုးမျိုးရှိနေပြီး ပြန်လည်ဖြေဆိုဖို့ အခက်အခဲစိန်ခေါ်မှုတွေရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။