ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့်အော်ပရေတာများကိုအရေးယူမယ်လို့ဗန်းမောက်တော်လှန်ရေးအင်အားစုများသတိပေး

ဩဂုတ် ၃ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများ မကြာခဏ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဗန်းမောက်တော်လှန်ရေးအဖွဲ့က ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဒုတိယဝါဆိုလပြည့်နေ့ ဩဂုတ်လ ၁ ရက်နေ့မှာ စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း လတ်တလော ဝန်ဆောင်မှုပေးနေတဲ့ MPT  အပါအဝင် ဆက်သွယ်ရေးအော်ပရေတာတွေဟာ ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းနှင့် စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးခြင်းများအတွက် အဓိက တာဝန်ရှိပြီး ဒီလိုဖြတ်တောက်မှုတွေ ထပ်ဖြစ်လာရင် အရေးယူသွားမယ်လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။ 

 အော်ပရေတာတွေရဲ့  အခြေခံအဆောက်အဦးများနှင့် ရုံးခွဲများအပေါ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် လတ်တလော ဖုန်းလိုင်းပြတ်တောက်ခြင်းကို အလျင်အမြန်ဆောင်ရွက်ပေးဖို့ သတိပေးထားတာပဲ ဖြစ်ပါတယ်။

“အေး သုံးလေးရက်ရှိပြီ ဖြတ်နေတာ။ အခုမှ ပြန်နဲနဲမိခဲ့ပြန်တာ မိလိုက်မမိလိုက်နဲ့ အစတုန်းကဆိုရင်မှာ 2G နဲ့ လိုင်းသုံးလို့တောင် ရတယ်လေ။ အခုမှာလည်း ဖုန်းခေါ်ဖို့တောင် မနဲ။” လို့ ဗန်းမောက်မြို့အနီးက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာလေးခုထဲက  မိုင်တဲလ်အော်ပရေတာဟာ ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစပြီး  ဒီနေ့အချိန်ထိ အသုံးပြုလို့ မရသေးဘဲ ကျန်ရှိအော်ပရေတာ သုံးခုလည်း တစ်ဆက်တစ်စပ်တည်း ဆက်သွယ်လို့မရဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“အခုက အမ်ပီတီနဲ့ အော်ရီတူးက အော်ရီတူးတောင်မှ ဟိုမှာ ပင်ဟင်းခါးဘက်ဆိုရင် ရတယ်။ အဲ့ဒါအော်ရီတူးပဲ တယ်လီနော မမိဘူး အဲ့လိုဖြစ်ကုန်တာလေ။ ကြိုကြားကြိုကြားဖြစ်သွားတာကြီးကို အကုန်လုံးက။ အယ် ပြီးတော့ အနောက်ဖက်ကတွေဆိုရင်လည်း တယ်လီနော မိပြန်။ ဒီဘက်ကို အမ်ပီတီကို တယ်လီနောနဲ့ ဆက်ရတယ် အဲ့လို။ ဒီကနေဆက်ချင်လည်း အဲ့ဒါ အဲ့ဒီကတယ်လီနောကို အမ်ပီတီနဲ့ ဆက်ရတယ် အဲ့လို အကုန်လုံးက။” ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာတော့ မည်သည့်ဆက်သွယ်ရေးအော်ပရေတာမှ ဆက်သွယ်လို့ မရတော့ပါဘူး။

ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက် MPT ဖုန်းလိုင်း မကောင်းရတာဟာ ထီချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားရှိ ဘုတလက် မှာ ဖိုက်ဘာ အားနည်းချက်ရှိနေတဲ့အတွက်ကြောင့်လို့ MPT ဆက်သွယ်ရေးအော်ပရေတာ ဝန်ထမ်းနဲ့စပ်သူတွေဆီကနေ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *