ဩဂုတ် ၂၂ ၊ ဗန်းမော်
ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ဗန်းမော်မြို့မှာ သြဂုတ်လ(၂၀)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ သုံးမိုင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့(KPDF)တို့ တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့နဲ့ ၇မိုင်သာကွာဝေးတဲ့ မိုးမောက်မြို့အနီးက စစ်ကောင်စီတပ် ခမရ(၄၃၇)တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ(၁၉)ရက်နေ့က သိမ်းပိုက်ခဲ့သေးတာကြောင့် ဆုံးရူံးသွားတဲ့နေရာတွေကို စစ်ကောင်စီဘက်မှ လေကြောင်းနဲ့ဗုံးကြဲချမှုများပြုလုပ်ခဲ့ကြောင်း ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“ ဝဲတယ်ညဆို ဒရုန်းတွေကော စုံနေတာပဲ လေယာဉ်တွေကော ပြီးကျရင်ဟယ်ရီပေါ်တာတွေကောပဲ တစ်ချို့ဆိုနိမ့်နိမ့်လေးပဲပျံတာ လေယာဉ်ဝဲပြီးပြီဆိုရင်ကြားရပြီလေယာဉ်နဲ့သွားပစ်တဲ့အသံ မံစီဘက်တို့မိုးမောက်ဘက်တို့ အခုကျတော့မိုးမောက်နားမရောက်ခင်တပ်ကို သူတို့(PDF)ကသိမ်းလိုက်တာ ရရပြီးချင်းညနေကျတော့ စစ်လေယာဉ်နဲ့လာကျဲရော’ ခမရ(၄၃၇)ကိုသာမက သုံးမိုင်တပ်ကိုလည်း ဗုံးကျဲချမှုများရှိခဲ့တယ်လို့ သူကဆိုပါတယ်။
မြို့တွင်းက ရပ်ကွက်တွေမှာလက်နက်ကြီးကျရောက်မှုတွေလည်း မကြာခဏရှိနေပြီး ဇူလိုင်လကနေ သြဂုတ်လ(၂၂)ရက်နေ့အထိ (၅)လုံးထက်မနည်းရှိနေကာ ဒေသခံထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။
မင်းကုန်းရပ်ကွက်၊သိမ်တော်ကြီးကျောင်းတိုက်ဝင်းထဲ ဇူလိုင်လအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်နေထိုင်နေတဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး သြဂုတ်လအတွင်းမှာလည်း နောက်ထပ်လက်နက်ကြီး(၂)လုံး ထပ်မံကျရောက်တာကြောင့် ဖြတ်သန်းသွားလာသူဆိုင်ကယ်စီးနှင်းလာသော အမျိုးသား(၁)ဦးလည်း ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။
“ သုံးမိုင်ဘက်ကလူတွေလည်း မြို့ထဲဘက်ကိုရွှေ့ထားပြီကြားတယ် အကုန်လုံးကမြို့ထဲမှာပဲနေနေကြတာ ဟန်တဲ၊ကန်တော်၊ပေါက်ကုန်း၊ရိုးကြီး၊သိမ်တော်ကြီး၊ အေ့ဘက်တွေမှာပဲ လူတွေအများကြီးစုနေနေကြတာ ခွန်သာဘက်တို့တစ်ချို့ဘက်တွေတောင်မှ သိပ်မနေကြတော့ဘူး တစ်ချို့ကျတော့ ရွာဘက်ပိုင်းတွေဆီ ခနတစ်ဖြုတ်ရှောင်ကြတာ’ လို့ သူကဆက်ပြောပြပါတယ်။
မြို့အစွန်ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ဒေသခံတွေအတော်များများက မြို့အလယ်ခေါင်တွင်းကို ပြောင်းရွှေ့နေထိုင်နေကြပြီး တစ်ချို့တွေလည်း အနီးနားကကျေးရွာတွေဘက်ကိုခနတစ်ဖြုတ်ရှောင်တိမ်းမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
“ လူတွေကလည်းနေနေကြတုန်းပါပဲ သူ့ဟာနဲ့သူတော့ တစ်ချို့ကျတော့လည်း ဒီ့ထက်အခြေအနေဆိုးမှပဲ ပြေးမယ် ဗန်းမော်ကဖိုးတေဝလမ်းမှာရှိတဲ့ စစ်တပ်ကျမှပဲပြေးမယ်လို့ အေ့လိုနေနေကြတဲ့လူတွေလည်းရှိတယ်’ဟု ဒေသခံတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။
ဗန်းမော်မြို့အရှေ့မြောက်ဘက်ရှိ တာမိုင်းလုံကျေးရွာတစ်လျှောက်က မိုးဖိန်းရွာ၊ သာစည်ရွာ စတဲ့ကျေးရွာများတွင်လည်း စစ်ကောင်စီရဲ့ လေကြောင်းဖြင့်ဗုံးကြဲမှုတွေကြောင့် သေဆုံးသူအမြားအပြားရှိနေတယ်လို့ သိရပါတယ်။