ဆင်ဘိုမြို့မှာ စစ်ကောင်စီတပ်နှင့် (KIA+PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲ  ပြန်လည်ဖြစ်ပွားနေ 

မတ် ၂၀ ၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အတွင်း  စစ်ကောင်စီတပ် နှင့် (KIA+PDF) ပူးပေါင်းတပ်တို့ မတ်လ ၁၆ ရက်နေ့ကတည်းကစပြီး ဒီနေ့မနက်ပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆင်ဘိုမြို့ဒေသခံများက ပြောပါတယ်။ 

“ အခြေအနေကတော့ ကနေ့မနက်အထိတောင်မှ ဖြစ်သေးတယ်။ မနေ့က ဖြစ်ပြီးတော့မှ အခုတော့ အဝေးပစ်ဆိုတဲ့အခါကြတော့ လေယာဥ်ကလည်း မနေ့တုန်းက ၁ နာရီကနေ ညနေ ၄ နာရီ ၅ နာရီအထိ ဝဲသေးတယ်လေ။ မနက် ၇ နာရီကနေ ၉ နာရီဖြစ်တယ်ဆိုတော့ သူတို့(KIA+PDF) အဝေးကနေ ပစ်နေတာလေ။ တပ်(စကစ)ကတော့ ကာပြီး ပစ်တာပါ့အေး”  လို့ မြို့ပေါ်နေထိုင်သူ တစ်ဦးကပြောပါတယ်။ 

ယခုလို အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ဆင်ဘိုမြို့ပေါ်မှာ အရပ်သားထိခိုက်မှုတော့ မရှိသေးဘူးလို့လည်း ၎င်းက ဆက်ပြောပါတယ်။

“တပ်နဲ့ မြို့နဲ့က ၄ မိုင်းဝန်းကျင်လောက် ဝေးတာလေ။ အဲ့ဒီမှာဆိုတဲ့အခါကျတော တပ်(စကစ)ကလည်းပဲ မြို့ထဲကို ပစ်တာမရှိဘူး။ သူတို့ကလည်း မြို့ထဲကနေ ပစ်တာမရှိဘူးဆိုတဲ့အခါကြတော့ ထိခိုက်မှုတွေ မရှိဘူးအဲ့လို။”

ဆင်ဘိုမြို့အတွင်း (KIA+PDF) ပူးပေါင်းတပ်တို့ တပ်စွဲထားပြီး ဒေသခံအများက စစ်ကောင်စီရဲ့ လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်နေကြသည့်အတွက် မြို့အတွင်းအိမ်စောင့်သာထားရှိပြီး လယ်ကွင်းများအတွင်း ရှောင်တိမ်းနေကြရတာပဲ ဖြစ်ပါတယ်။

ဆင်ဘိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က KIA+PDF တို့ တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာလဲဖြစ်ပါတယ်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို (KIA+PDF) ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်နေတာဟာ နှစ်ပတ်နီးပါး ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *