
အောက်တိုဘာ ၁၀ ၊ ဆင်ဘို
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ် နှင့် ရာအိမ်မှူးလည်းဖြစ် ရှမ်းနီစာယဉ်ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဦးလှစင်းတို့ နှစ်ဦးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ဆင်ဘိုမြို့နှင့် မြင်သာကျေးရွာကြား ကိုးလောင်းကွေ့မှာ သူတို့နှစ်ဦးကိုလက်ပြန်ကြိုးတုတ် သတ်ဖြတ်ခံထားရတဲ့ အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
“ ရွှေလုပ်တဲ့သူတွေနဲ့လည်း ငြိဖူးတယ်။ ရွာရဲ့ သောင်ပေါ့ ပဲတွေပါတွေစိုက်တယ် အဲ့ဘက်မှာ ရွှေဖောင်တွေကလည်း အဲ့ဘက်မှာလုပ်မယ်ဆိုပြီးတော့မှ တားတဲ့အခါတစ်ခါ ၊ ဖိုးသမားတွေကိုလည်း ဖမ်းပြီးတော့မှ ကွက်ကြီးကွက်ကြားရိတ်ပြီး အော်ခိုင်းလိုက်သေးတာကိုးတစ်ခါကမကြာသေးဘူး။ အဲ့တာနဲ့ငြိုးနေတယ်လို့ပြောတယ်။ အဲ့တာသတ်တဲ့နေရာကလည်း ဖိုးတွေဘာတွေရောင်းတဲ့နေရာလေ။ အခုဟာကနည်းနည်းရှုပ်တယ် ဘယ်သူသတ်သွားလို့သတ်သွားမှန်းမသိတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဦးမောင်ထွဋ်က အသက် ၆၀ အရွယ်ဖြစ်ပြီး ဆိုင်ကယ်မစီးတတ်သောကြောင့် ဦးလှစင်းက အမြဲမောင်းပြီး လိုက်လံပို့ဆောင်ပေးရသူဖြစ်တယ်လို့လည်း သိရပါတယ်။
သူတို့နှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KIA ဘက်ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ဒေသခံတွေဆီကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။