ဆင်ဘိုမြို့ရှိခလရ၁၄၁စခန်းကို KIA+PDF တပ်ဖွဲ့များသိမ်းပိုက်

ဧပြီ ၂၉ ၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ စခန်းကို ဧပြီလ ၂၉ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆင်ဘိုဒေသခံများထံမှ သိရှိရပါတယ်။ 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ခလရ ၁၄၁ စခန်းကုန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လနီးပါးကြာမြင့်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ 

“ စစ်ကူသွားတယ်ဆိုတာ တစ်နေ့ကပို့လိုက်တာ အင်အား ၆၀ လေယာဉ်နဲ့  ။အဲ့တာပို့ပြီး နောက်ရက်ကျတော့တာပဲ။ လမ်းက မြစ်ရိုးလည်းသွားလို့မရဘူးလေ။ တာလောကြီးတစ်လျောက် ။ PDF နဲ့ KIA ပဲရှိတာကိုး” လို့ ဆင်ဘိုဒေသခံတစ်ဦးကပြောပါတယ်။ 

ခလရ ၁၄၁ အတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပံ့မှုများဟာ ဖေဖော်ဝါရီလမတိုင်ခင်ကတည်းက ပိတ်ဆို့ခံခဲ့ရတာဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ရဟက်ယာဉ်နဲ့ ရိက္ခာများကို အမြဲပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲကြောင့် ဆင်ဘိုမြို့က ဒေသခံတချို့ မနေ့က မနက်ပိုင်းကတည်းက မြစ်ကြီးနားမြို့ပေါ်ကို ရှောင်တိမ်းမှုတွေရှိခဲ့တယ်လို့ ရှောင်တိမ်းလာသူများရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။ 

ဆင်ဘိုမြို့ဟာ ရေကြောင်းလမ်းပိုင်းတစ်ခုသာအသုံးပြုသွားလာနေရခြင်းနဲ့ စစ်ရေးကြောင့် လမ်းပိုင်းများပိတ်ဆို့ခံထားရကာ ဒေသခံများ စားနပ်ရိက္ခာအခက်အခဲများနှင့် ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ 

ဆင်ဘိုမြို့ဟာ ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခံရပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းနဲ့ ၁၄ မိုင်အကွာမှာရှိကာ  ရှမ်းနီလူမျိုးအများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *