ဆင်ဘိုမြို့အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

ဧပြီ ၂၆ ၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အတွင်း ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  သိရှိရပါတယ်။

စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်းမှာတင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ လူနေရပ်ကွက်နှင့် ဘုရားကျောင်း  နှစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆင်ဘိုမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ ပေါင်တစ်ဖက် ဆုံးရှုံးခဲ့ရကာ နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆင်ဘိုဒေသခံအမျိုးသားတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

“လေယာဥ်က လာပြီးတော့ ဗုံး လာချသွားတာကို။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့လေ။ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ပစ်ချသွားရင်တော့ အကြောင်းမဟုတ်ဘူး။ အခုက ပြည်သူတွေကြားထဲမှာ လာပစ်ချသွားတော့ အဲ့ဒီမှာ ယောင်္ကျားကလေးက သေပြီးတော့မှ သူ့ရဲ့အမေက ပေါင်ပြတ်သွားတယ်လို့ ပြောတယ်အဲ့ဒီမှာ။ နောက် ကလေးတစ်ယောက်လည်း ထိတယ် ကလေးမလေး။”  လို့ ဆင်ဘို ဒေသခံတစ်ဦးက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက် ဗုံးကျကွဲမှုမှာ သေဆုံးသွားတဲ့ အမျိုးသားကတော့ ဦးကျော်လင်း ဖြစ်တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရှိရပါတယ်။

ဒါ့အပြင် ဘုရားရှိခိုးကျောင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။ 

“ဘုရားရှိခိုးကျောင်းမှာ လာပစ်ချသွားတဲ့ဟာက အဲ့ဒီမှာလည်း သုံးယောက် လေးယောက်လောက် မှန်သွားတယ် အမျိုးသမီးတွေ။ ကျောင်းအလုံးမှာတော့ မဟုတ်ဘူး။ အဆောက်အဦးမှာတော့ မဟုတ်ဘူး။ သူ့ရဲ့ ကွင်းပြင်ကလေးရှိတယ်။ အဲ့ဒီကွင်းပြင်ကလေးမှာ ပစ်ချလိုက်တယ်လို့ ပြောတာ။” လို့ ဆိုပါတယ်။ 

ဒီကနေ့အထိ ဆင်မြို့အနားမှာရှိတဲ့ စစ်ကောင်စီ၏ ၁၄၁ တပ်စခန်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြင်အထန် တိုက်ပွဲ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

ဆင်ဘိုမြို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က KIA+PDF တို့ တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *