ဆယ်စုနှစ်အတွင်းအင်းတော်ကြီးကန်ထဲ (၂)ဧကကျော်ကျယ်သည့်ဒိုက်များမျော 

ပင်လယ်ပြင်လို့ လှိုင်းခတ်နေတဲ့ အင်းတော်ကြီးကန်ရေပြင်ဟာ လေတိုက်တိုင်း လှုပ်ခတ်နေပါတယ်။

မိုးနှောင်းကာလကို ချဉ်းကပ်လာတာကြောင့် ရေပြည့်လျှံနေတဲ့ကန်ရေပြင်ဟာ ပို၍လှုပ်ခတ်နေတာလည်းဖြစ်ပါတယ်။ ကန်ရေပြင်ကိုအမှီပြုထားတဲ့ မှော်တွေဒိုက်တွေကလည်း လေလာရာအတိုင်း တိုက်ခတ်ရာအတိုင်း ရွေ့လျားနေမြဲပါ။ 

ဩဂုတ်လကုန် ၃၁ ရက် ည ၉ နာရီအချိန်က အင်းတော်ကြီးကန် မြောက်ဘက်ကနေ လေတွေ ခပ်ကြမ်းကြမ်းတိုက်ခတ်လာခဲ့ပါတယ်။ ဒီလေတွေကြောင့်ပဲ ကန်ရေပြင်မှာ လေနင်ရာအလိုက်သင့်ရွေ့နေတဲ့ ဒိုက်တွေက စုမိသလိုဖြစ်ခဲ့ပါတယ်။ ဒီလိုစုမိကြပြီးတော့ မြောက်ဘက် ညောင်ပင်ကျေးရွာ ၊ ရွှေတောင်ခြေ အနီးတဝိုက်ကနေ ကန်ရေပြင်အလယ်ကို ရွေ့လျားခရီးနင်လာကြပါတယ်။ 

၃၁ရက်လပိုင်းကပေါ့နော်ညောင်ပင်ဘက်ကနေမျှောလာတာပေါ့လေ။ဟုတ်တယ်ကြီးတယ်။ဒီဆယ်စုနှစ်အတွင်းမှာမြက်ရဲဒိုက်တို့ဗေဒါဒိုက်တို့မျှောတာပေါ့လေ။အခုလိုဂုံမင်းဒိုက်တွေအကြီးအကျယ်ကြီးတော့မမျှောသေးဘူးလို့ရွှေမဥ္ဇူဘုရားဂေါပကဖြစ်တဲ့ဦးသောင်းညွှန့်ကပြောပြပါတယ်။ 

အင်းတော်ကြီးမြောက်ဘက်မှာရှိတဲ့ ရွှေတောင်အနီးတဝိုက်နဲ့ အင်းတော်ကြီးအင်းမြှီးဒေသဘက်ကို သွားတဲ့ ရေလမ်းကြောင်းတွေမှာ ဒိုက်တွေမျိုးစုံရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဒိုက်တွေက လေတိုက်တဲ့အခါရွေ့လျားတတ်ပေမယ့် အမြဲလိုတော့ ရွေ့လျားမျောနေတာမျိုးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခုက ဒိုက်တွေမျောရင် ကျွဲ ၊ နွား၊ တိရိစ္ဆာန်တွေက အစ သစ်ပင်ပျို၊လတ် မျိုးစုံလည်းပါတတ်ပါတယ်။ အခုမျှောလာတဲ့ ဒိုက်တွေက ဂုံမင်းပင်တွေစုထားတဲ့ ဒိုက်ဖြစ်ပါတယ်။ မြောက်လေနင်ခဲ့တာကြောင့် အင်းတော်ကြီး ရွှေမဥ္ဇူရေလည်ဘုရားခြေရင်းအနီးတဝိုက်မှာ နှစ်ရက်ကြာနေခဲ့တာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၃ နာရီအချိန်မှာတော့ ဘုရားခြေရင်းနားကနေ တောင်ဘက်ကို ထပ်မံမျှောသွားပြီဖြစ်ပါတယ်။ 

ဒီလိုဒိုက်တွေမျှောတာက နှစ်စဉ်နှစ်တိုင်း အရွယ်အစားခပ်သေးသေးတွေ မျှောလေ့ရှိပေမယ့် ဧကနှင့်ချီကတော့ ဆယ်စုနှစ်တစ်ခုကြာပြီးမှသာ မျှောလေ့ရှိတာလည်းဖြစ်ပါတယ်။ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေက ဒိုက်တွေမျှောတာနဲ့ပတ်သက်ပြီး ယုံကြည်မှုတစ်ခုလည်းရှိပါတယ်။ အင်းတော်ကြီးကန်နဲ့ ဒေသကို ကြီးစိုးနေတဲ့ နယ်ရှင်၊ပယ်ရှင်(နတ်) များက ဘုရားကို သွားကန်တော့တယ်လို့လည်း ဆိုကြပါတယ်။ 

ဒေသခံတွေကတော့နတ်တွေသွားကန်တော့တယ်လို့ဆိုတယ်။ကန်တော့တယ်ဆိုတော့နတ်ကလာကန်တော့တယ်ဆိုတဲ့သဘောပေါ့။လူသွားလမ်းဘက်ကနတ်စင်ရှိတာကိုးအေး၊အဲ့ဒီမှာလာဖိတာပြီးတော့ဒီနေ့မနက်မှပြန်ထွက်သွားတာပေါ့။အရင်ကလည်းကြီးကြီးမားမားရှိတယ်။သစ်ပင်တွေ၊ကျွဲတွေပါခဲ့တယ်။အခုတော့ဂုံမင်းတွေပါခဲ့တယ်။တော်တော်လေးထူတယ်အပင်တွေကလို့  အင်းတော်ကြီးဒေသခံရှမ်းနီဆရာဦးစိန်ဝင်းကပြောပြပါတယ်။ 

မျှောနေတဲ့ ဒိုက်တွေကလည်း ရေလယ်ဘုရားရှိရာနေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပြီးရင် တောင်ဘက် မိုင်းနောင် ၊ မမုန်ကိုင်ရွာတွေဘက်ကို ထပ်မံရွေ့လျားသွားတတ်ပြီး  တစ်ခါတစ်ရံအင်းတစ်ပတ် ပတ်ပြီး မူလ စတင်မျှောလာရာနေရာကိုပဲ ပြန်ရောက်သွားကြပါတယ်။ 

ဒီဒိုက်တွေကအင်းတော်ကြီးကအရှေ့မြောက်ဘက် ရွှေတောင်ခြေ နဲ့ ချောင်းဝချောင်းအနီးမှာပဲ ကျင်လည်နေကြဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *