တကောင်းနီကယ်စက်ရုံအနီးက စစ်ကောင်စီရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

ဇူလိုင် ၂၆ ၊ တကောင်း 

 စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တရုတ်ကုမ္ပဏီပိုင်တကောင်းနီကယ်စက်ရုံအနီးက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီရဲကင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက မနေ့က ညနေ(၆)နာရီဝန်းကျင်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့  ဒေသခံများထံမှ သိရပါတယ်။ 

    ရဲကင်းတိုက်ခိုက်ခံရမှုကြောင့်  ရဲတပ်ဖွဲ့ဝင်များက နီကယ်စက်ရုံဝန်းအတွင်းက အလုပ်သမားတန်းလျားသို့   ဝင်ရောက်ပြောင်းရွှေ့နေရာယူသွားတယ်လို့ အနီးနေထိုင်သူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

   “ အလုပ်သမားတန်းလျားထဲကို စစ်တပ်တွေကနေရာဝင်ယူတာ  အဲ့ဒီမှာရှိတဲ့ အလုပ်သမားတန်းလျားထဲက အလုပ်သမားတွေနဲ့ မိသားစုတွေကတော့ စက်ရုံထဲကိုရွှေ့သွားကြတယ်” လို့ ၎င်းကဆိုပါတယ်။

    အခုလိုမတိုက်ခိုက်ခင် မနက်ပိုင်းအချိန်မှာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်နက်ချအညံ့ခံဖို့  ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်သတိပေးမှုတွေ  ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်ကပြန်လည်တုံ့ပြန်မှုမရှိတာကြောင့်   ညနေပိုင်းတွင်  ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

      တကောင်းနီကယ်စက်ရုံဝန်းထဲ ရဲတပ်ဖွဲ့များနေရာမယူခင် နှစ်ဦးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ အနည်းငယ်ဖြစ်ပွားခဲ့ပြီး  နေရာယူပြီးညပိုင်းအချိန်မှာတော့ ပစ်ခတ်သံများ မကြားရတော့ကြောင်း သူကဆက်ပြောပြပါတယ်။

    “ စစ်ကောင်စီတပ်က ဟိုထဲကိုဝင်သွားတာဆိုတော့ မှန်းလို့တော့မရဘူး တရုတ်စက်ဝန်းထဲဆိုတော့ သူတို့(PDF)က ဝင်တိုက်မလား မဝင်တိုက်ဘူးလားတော့ မသိတတ်တော့ဘူး” ဟု ၎င်းကဆက်ပြောပြပါတယ်။ 

   ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဆုံးရှူံးမှုများကိုတော့ သိရှိနိုင်ခြင်းမရှိသေးပါဘူး။  

    ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ်စက်ရုံရှိ ဓာတ်အားပေးလိုင်းများကို  HPDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖောက်ခွဲခဲ့တာကြောင့် လအနည်းငယ်ကြေးနီတူးဖော်မှု ရပ်နားခဲ့ရပြီး လုပ်ငန်းပြန်လည်လည်ပတ်နေတာ တစ်နှစ်ကျော်ခန့်ရှိလာပြီလည်း ဖြစ်ပါတယ်။

   တကောင်းတောင်နီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကစပြီး အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားတဲ့စနစ်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *