
ဩဂုတ် ၂၄ ၊ ရန်ကုန်
တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းရဲ့ နောက်ဆုံးအကြိမ် စာမေးပွဲဖြေခွင့် လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၃ ရက်နေ့ညမှာ ကြေညာပါတယ်။
စက်တင်ဘာလ (၁) ရက်နေ့ကနေ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမှာဖြစ်ပြီး စာမေးပွဲဝင်ခွင့်အတွက် ငွေသွင်းတံဆိပ်ခေါင်း (၇၀၀)ကျပ်နှင့် လျှောက်လွှာဖောင်အတွက် (၂၀၀) ကျပ် စုစုပေါင်း (၉၀၀) ကျပ် ကျင်သင့်မယ်လို့ ဆိုပါတယ်။
စာမေးပွဲလျှောက်လွှာတင်သွင်းရာမှာ အတွဲ ၁ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ အတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာ နဲ့ အတွဲ ၂ ၊ ၃ ၊ ၄ တွေအတွက် ပန်းရောင်ကဒ်ပြားလျှောက်လွှာဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အစိုးရစာသင်ကျောင်းနဲ့ ပုဂ္ဂလိက စာသင်ကျောင်းတွေအတွက် ကျောင်းအုပ်ကြီးတွေက ဦးဆောင်ပြီး ဒီလျှောက်လွှာတွေကို ကျသင့်ငွေတွေနဲ့ သတ်မှတ်ရက်အမှီ စာစစ်ဦးစီးဌာနကို တင်သွင်းရမယ်လို့ ဆိုထားပါတယ်။
ပြင်ပဖြေဆိုသူတွေအနေနဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ လျှောက်လွှာနဲ့ စာမေးပွဲဝင်ကြေးတွေ ပေးသွင်းပြီး လျှောက်ထားရမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။